
အက်ကွေဒေါနိုင်ငံရဲ့ ပထမဆုံး ကမ္ဘာ့ဖလား ပွဲဦးထွက်ပွဲစဉ်မတိုင်ခင်မှာပဲ နိုင်ငံတဝန်း ကမ္ဘာ့ဖလား ရောဂါ အရှိန်တက်နေချိန်မှာ သမ္မတ ဒယ်နီယယ်လ် နိုဘိုအာကလည်း ပရိသတ်တွေနဲ့ အတူ ပူးပေါင်း ပါဝင်လာခဲ့ပြီး ဘီယာအပါအဝင် အယ်လ်ကိုဟော ပါဝင်မှုနည်းတဲ့ အဖျော်ယမကာတွေ အပေါ် ကောက်ခံတဲ့ အထူးအခွန်ကို ယာယီပယ်ဖျက်ပေးဖို့ ညွှန်ကြားလိုက်ပါတယ်။
ဂွါယာစ်ပြည်နယ်မှာ ပြုလုပ်တဲ့ အခမ်းအနားတခုအတွင်း သမ္မတ နိုဘိုအာက ကြေညာခဲ့တာဖြစ်ပြီး၊ အီကွေဒေါဟာ ဘောလုံးကို ရူးသွပ်ပြီး လူစုလူဝေးနဲ့ ပွဲကြည့်ရတာကို သဘောကျတဲ့နိုင်ငံ ဖြစ်တာ ကြောင့် ဇူလိုင် ၁၉ ရက်အထိ ကမ္ဘာ့ဖလား ကျင်းပနေတဲ့ကာလအတွင်း အစိုးရက အခွန်ပယ် ဖျက်ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို အခွန်လျှော့ချလိုက်တဲ့အတွက် အီကွေဒေါနိုင်ငံမှာ လူကြိုက်အများဆုံး ဘီယာ စျေးနှုန်းဟာ ၂၀ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားမယ်လို့ သမ္မတက ဆိုပါတယ်။
ဒီအစီအစဉ်အပေါ် အက်ကွေဒေါ ဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဝမ်းသာအားရ ကြိုဆိုခဲ့ ကြပြီး အထူးသဖြင့် နိုင်ငံအတွင်း မလုံခြုံမှုတွေကြောင့် စီးပွားရေးထိခိုက်နေရတဲ့ စားသောက်ဆိုင် တွေနဲ့ ဘားတွေက အခုကမ္ဘာ့ဖလားကာလအတွင်းမှာ သူတို့ရဲ့စီးပွားရေး ပြန်လည်ဦးမော့လာလိမ့် မယ်လို့ မျှော်လင့်နေကြပါတယ်။
ဒေသခံ စီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ အဆိုအရ ဘီယာစျေးနှုန်း ကျဆင်းသွားခြင်းကြောင့် ဆိုင်တွေ အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ပရိုမိုးရှင်းတွေ ပေးပြီး လူတွေကို ဆွဲဆောင် နိုင်တော့မယ် လို့ဆိုပါတယ်။
ကမ္ဘာ့ဖလားရာသီဟာ အဖျော်ယမကာ သုံးစွဲမှု အလွန်မြင့်မားတတ်တဲ့ အချိန်ဖြစ်တာကြောင့် ဘား တွေနဲ့ စားသောက်ဆိုင်တွေမှာ စီးပွားရေး ပြန်လည်တက်ကြွလာမှာဖြစ်ကြောင်းလည်း ပြောကြား ပါတယ်။
ဒါ့အပြင် ဘီယာရောင်းအား တက်လာရင် တွဲဖက်စားသုံးတဲ့ ကြက်ကြော်၊ အာလူးကြော်စတဲ့ စားသောက်ကုန်တွေပါ ပိုမိုရောင်းချရမှာဖြစ်လို့ ကုန်ကြမ်း ပံ့ပိုးပေးရတဲ့ လုပ်ငန်းတွေအထိပါ ကွင်းဆက်လိုက် စီးပွားရေး လည်ပတ်သွားလိမ့်မယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
အက်ကွေဒေါအသင်းဟာ ကမ္ဘာ့ဖလားအုပ်စု (E) မှာ ပါဝင်နေပြီး အဲဒီအုပ်စုထဲမှာ ကျု့ရာ့ဆောင်းနဲ့ ဂျာမနီ အသင်းတို့လည်း ပါဝင်နေကာ၊ အက်ကွေဒေါအသင်းဟာ တနင်္ဂနွေနေ့မှာ အိုင်ဗရီကို့စ် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Source:Reuters










