
အမေရိကန် ဗဟိုကွပ်ကဲမှုအဖွဲ့ (CENTCOM) က ‘သိန်းငှက်ထိုးစစ်’ အထူးစစ်ဆင်ရေးတပ်ဖွဲ့ “Task Force Falcon Strike” လို့ အမည်ပေးထားတဲ့ ပထမဆုံးသော “နယ်ပယ်စုံ၊ နိုင်ငံစုံ တိုက်ခိုက်ရေးဒရုန်း စစ်ဆင်ရေးတပ်ဖွဲ့” ကို စတင်ဖွဲ့စည်းလိုက်ပြီလို့ ဩဂုတ် ၁၃ ရက်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဒီတပ်ဖွဲ့သစ်မှာ တခါသုံး တိုက်ခိုက်ရေးဒရုန်းတွေကို လေကြောင်း၊ ရေပြင်နဲ့ ရေအောက်သုံး အဝေးထိန်း စစ်ဆင်ရေးစနစ်တွေနဲ့ ပေါင်းစပ်အသုံးပြုသွားမှာဖြစ်ပြီး အမေရိကန် စစ်သည်တွေနဲ့ အတူ ဒေသတွင်း မဟာမိတ်နိုင်ငံတွေက စစ်သည်တွေက ပူးတွဲစစ်ဆင်ရေး လုပ်ဆောင်ကြမှာ ဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဗဟိုကွပ်ကဲမှုအဖွဲ့ (CENTCOM) ဟာ အခုတပ်ဖွဲ့သစ် မဖွဲ့စည်းခင် လွန်ခဲ့တဲ့ ၉ လကလည်း အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်စစ်တပ်ရဲ့ ပထမဆုံး သီးသန့် တိုက်ခိုက်ရေးဒရုန်းတပ်ဖွဲ့ ဖြစ်တဲ့ “ကင်းမြီးကောက်ထိုးစစ် အထူးစစ်ဆင်ရေးတပ်ဖွဲ့” အမည်ရှိ “Task Force Scorpion Strike” ကို ဖွဲ့စည်းခဲ့ပါသေးတယ်။
CENTCOM ရဲ့ အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒ်ကူးပါး ကတော့ အခုဖွဲ့စည်းလိုက်တဲ့ ‘သိန်းငှက်ထိုးစစ်’ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဟာ မူလ ကင်းမြီးကောက်တပ်ဖွဲ့ရဲ့ အောင်မြင်မှုတွေကို ပိုမိုတိုးချဲ့သွားနိုင်မယ်လို့ မှတ်ချက်ပြုပါတယ်။
လက်ရှိမှာ အမေရိကန်ဟာ ဒီတပ်ဖွဲ့မှာ ပါဝင်ဖို့ ဒေသတွင်း မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်သလို တရားဝင် ဖိတ်ခေါ်မှုတွေလည်း တိုးမြှင့်လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
မဟာမိတ်နိုင်ငံတွေ ပိုမိုပါဝင်လာတာနဲ့အမျှ အခုတပ်ဖွဲ့ဟာ အရှေ့အလယ်ပိုင်းဒေသတွင်း တိုက်ခိုက်ရေးဒရုန်း စွမ်းရည်တွေကို စုစည်းပြီး နယ်ပယ်စုံ၊ နိုင်ငံစုံ ပါဝင်တဲ့ ဟန့်တားရေးတပ်ဖွဲ့ကြီးတခုအဖြစ် အားကောင်းလာမှာလို့ ထုတ်ပြန်ထားပါတယ်။
Source: Reuters











