စစ်ကိုင်းတိုင်းအတွင်းက ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ကနီမြို့နယ်တွေကို စစ်အာဏာရှင် တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးတွေအပြင် အသေခံဒရုန်း တွေကိုပါ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေရပါတယ်။
မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ၂ လကျော်လောက်ကစလို့ ပုလဲမြို့နယ်မှာ စစ်ကြောင်း ၂ ကြောင်း ခွဲပြီး စတင် စစ်ကြောင်းထိုးခဲ့တာပါ။
အဲ့ဒီနောက် ဧပြီလဆန်းပိုင်းမှာတော့ ယင်းမာပင်မြို့နယ်အနောက်ခြမ်းနဲ့ ဆားလင်းကြီး မြို့နယ် တွေဘက်ကိုပါ စစ်ကြောင်းတွေ ဖြန့်ကျက်လာခဲ့ပြီး ဧပြီ ၂၈ ရက်မှာ ကနီမြို့နယ်အတွင်းကိုပါ စစ်ကြောင်းတွေ ခွဲပြီး ဝင်ရောက်လာခဲ့ပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အဓိက ပုလဲကို စထိုးတယ်။ ပုလဲမှာ ၂ ကြောင်းလောက်ခွဲထိုးတယ်။ ပုလဲပြီးတော့ ယင်းမာပင်ကို ထိုးတယ်။ ယင်းမာပင် အနောက်ခြမ်းကို ထိုးတယ်။ ယင်းမာပင် အနောက်ခြမ်းကို ထိုးနေတဲ့ အချိန်မှာ ဆားလင်းကြီးဘက်မှာ စစ်ကြောင်းတွေ ဝင်လာတယ်။ မုံရွာဘက်က နေပြီးတော့။ အဲ့ဒီမှာ အခုဒါ ဒီနေ့ပဲ စပြီးတော့ ကနီမြို့နယ်ကို စစ်ကြောင်း ၂ ကြောင်း ခွဲပြီးတော့ ဝင်လာတယ်။ လေးမြို့နယ်လုံးပေါ့။ အခုလောလောဆယ်တော့ ဒီ ကနီမြို့နယ် ချောင်းမရွာကိုတော့ ရောက်သွားပြီ။ သေနတ်တွေ ပစ်ခတ်ပြီးတော့၊ မနေ့ကတော့ မိုင်းလေး ဘာလေး အဲ့ဒီမှာ ထိခိုက်မှုတော့ ရှိတယ်။ သူတို့ဘက်က ဒုံးတွေ ပါတာပေါ့နော်။ ၁၂၀ မမ လောက် ရှိမယ် ထင်တယ်။ အဲဒီလိုဟာတွေနဲ့ ချတာပေါ့”လို့ ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းတွေဟာ ကနီမြို့နယ်အတွင်း ဝင်ရောက်လာတုန်း ယင်းမာပင်နဲ့ ကနီအစပ် က တရော်ကျင်းရွာကိုမီးရှို့ခဲ့တဲ့အပြင် လမ်းတလျှောက်မှာရှိတဲ့ကျေးရွာတွေကို အသေခံ ဒရုန်း တွေနဲ့ ပါ ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် ရာသီဥတု ဆိုးရွားနေတဲ့ကြားကပဲ ဒေသခံတွေဟာ ချင်းတွင်းမြစ်ကို ဖြတ်ကျော်ပြီး ခက်ခဲစွာ စစ်ဘေးရှောင်နေရတယ်လို့ ကနီဒေသခံ အမျိုးသမီးက ပြောပါတယ်။
“မုံရွာကနေ၊ နမခ ကနေထွက်တဲ့စစ်ကြောင်းပေါ့။ မနေ့ကတော့လေ အဲ့ လင်ပုန်းရည်ဘက်ကို တရော်ကျင်းကနေပေါ့နော် Suicide Drone (အသေခံဒရုန်း) နဲ့ ၂ စီး ထွက်တာပေါ့နော်၊ အဲ့ဒါ လင်ပုန်းရည်က အဘွားတယောက် ထိခိုက်မိတယ်ပေါ့။ ၄-၅ ယောက်တော့ မနေ့ကထိတယ်။ ခုမှ ရှောင်တာဆိုတော့ တောတွေထဲ ရှောင်ရင်တော့ မိုးနဲ့တော့အဆင်မပြေဘူးပေါ့နော်၊ ချင်းတွင်း ဟိုဘက်ကမ်းတွေတို့၊ လွတ်ရာသွားကြတာပေါ့နော်၊ ဒီဘက်က စစ်ကြောင်းဆိုရင် ဟိုဘက်ကမ်း က စစ်ကြောင်း မထိုးဘူးဆိုရင် ချင်းတွင်းမြစ် တဘက်ကမ်းကို သွားကြတာတွေရှိတယ်၊ စက်လှေ နဲ့ ကူးပြီးသွားတာပေါ့နော်။ အဲဒီ ယင်းမာပင်ဘက်ကတော့ တောတွေထဲမှာ ဓားစားခံ မိတာတွေ ဘာတွေလည်း ကြားရတယ်၊ အဲဒီ ယင်းမာပင်ဘက်ကတော့ အခြေအနေ တော်တော်ဆိုး တာတွေ ရှိတယ်။”
လတ်တလောမှာတော့ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်က ကျေးရွာ ၁၀ ရွာထက် မနည်းက ဒေသခံတွေ မိုးရွာသွန်းနေတဲ့ကြားကပဲ ချင်းတွင်းမြစ်တဖက်ကမ်းကို ကူးပြီး တိမ်းရှောင် နေကြ ရပါတယ်။
အလားတူ ဧပြီလနောက်ဆုံးပတ်ထဲမှာပဲ ယင်းမာပင်မြို့နယ်ထဲက နဘူးတောရွာနဲ့ တရော်ကျင်းရွာ တွေက နေအိမ်တွေကိုဖောက်ထွင်းပြီး ဘန့်ဘွေးရွာထဲကို ပစ္စည်းတွေ သယ်ထုတ်ခဲ့တဲ့အကြောင်း ဒေသခံကပြောပါတယ်။
ယင်းမာပင်မြို့နယ်ဘက်မှာတော့ ပြီးခဲ့တဲ့ တလအတွင်း အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ လည်ငေါက် တရွာလုံးနီးပါး မီးရှို့ခံခဲ့ရသလို အနည်းဆုံး အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီးခဲ့တဲ့အကြောင်း မြေပြင်အခြေအနေသိရှိသူတွေက ပြော ပါတယ်။
ဒါကြောင့် ဒေသခံထောင်၊ သောင်းနဲ့ချီ ထွက်ပြေးနေရပြီး အကူအညီတွေ လိုအပ်နေတဲ့အကြောင်း ဒေသခံတွေကပြောပါတယ်။
စိုးသူအောင်











