DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ် ကိုယ်စားလှယ်များ တနိုင်ငံလုံး အမှိုက်ကောက်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
November 28, 2015
အဖွဲ့ချုပ် ကိုယ်စားလှယ်များ တနိုင်ငံလုံး အမှိုက်ကောက်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

ပြည်သူလူထုကို အောက်အခြေကစပြီး အလုပ်အကျွေးပြုတဲ့ သင်ခန်းစာရအောင် အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ တနိုင်ငံလုံးအနှံ့ အမှိုက်ကောက် အမှိုက်သိမ်း လုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်က အဖွဲ့ချုပ်ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ တွေ့ဆုံပွဲမှာ ဒေါ်စုက ဒီဇင်ဘာ ၁၂ ရက်ကစလို့  ကော့မှူးမှာ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ အမှိုက်ကောက် အမှိုက်သိမ်းတဲ့ လုပ်ငန်းစမယ်၊ ဒီလုပ်ငန်းကို တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့တွေနဲ့ ညှိပြီး လုပ်ဆောင်သွားကြဖို့ ပြောခဲ့တာပါ။

နိုဝင်ဘာ ၂၈ ရက်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီခန်းမမှာ ပြုလုပ်တဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အောက်မြန်မာပြည် ရွေးကောက်ခံကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ အခုလို ပြောခဲ့တာလို့ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းတွေ အနိုင်ရခဲ့တာဟာ တဦးချင်း အရည်အချင်းကြောင့်မဟုတ်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံကိုကြည့်ပြီး ပြည်သူလူထုက အားကိုးတကြီး မဲပေးခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောကြောင်း ဦးဝင်းထိန်က ဆိုပါတယ်။

“ရွေးကောက်ပွဲနိုင်တယ်ဆိုတာဟာ သူတို့ တဦးချင်း အရည်အချင်းကြောင့် မဟုတ်ဘူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံဆိုတဲ့ဟာကြောင့် ပြည်သူလူထုက အားကိုးတကြီးနဲ့မဲပေးတာ၊ ဒါကြောင့်မို့လို့ ကိုယ်ရတဲ့ ကိုယ်စားလှယ်ဆိုတဲ့ ရာထူးဟာ မော်ကြွားဖို့ မဟုတ်ဘူး၊ မောက်မာဖို့ မဟုတ်ဘူး၊ ပြည်သူလူထုရဲ့ အလုပ်အကျွေးကို ပြုဖို့အတွက် ဆိုတဲ့သဘောမျိုးနဲ့ ဆုံးမတာပေါ့။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က  ပြည်သူနဲ့ တသားတည်းနေတဲ့ ယာဉ်ကျေးမှုမျိုးဖြစ်အောင် အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လစာတွေကို ဖြတ်တောက်သွားမယ်လို့ ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

“ပြည်ထောင်စု ကိုယ်စားလှယ်တွေ အဆင့်ဆိုလို့ရှိရင် တလကို ၂ သိန်းခွဲ ဖြတ်မယ်၊ ထိပ်ဆုံး ရောက်တဲ့လူဆိုရင် အနည်းဆုံး လစာရဲ့ တ၀က်ကို ဖြတ်မယ်။  အဲဒါ အကြောင်း နှစ်ရပ် ရှိတယ်။ နံပါတ် (၁) က ပြည်သူတွေက ဆင်းရဲနေတယ်၊ ပြည်သူတွေက မဲပေးလိုက်ပြီးတော့မှ ကိုယ်စားလှယ်တွေက ကိုယ်ရဲ့လစာက စားဝတ်နေရေးထက် ပိုလျှံနေတယ်ဆိုတာ သိတယ်၊ အဲဒီအတွက်ကြောင့် ပြည်သူတွေရဲ့ မျက်နှာကို ထောက်ပြပြီးတော့၊ ပြည်သူနဲ့ တသားတည်းနေတဲ့ ယဉ်ကျေးမှုမျိုးဖြစ်အောင် လစာဖြတ်မယ်လို့ ပြောသွားပါတယ်။”

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ   ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မနက်ပိုင်းမှာ တွေ့ဆုံခဲ့ပြီး မွန်းလွဲပိုင်းမှာ  ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၅ ရက်နေ့ ကျရင်လည်း  ကျန်ပြည်နယ်နဲ့တိုင်းတွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဦးမှာဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  လွှတ်တော်ကိုယ်စားလှယ် ပေါင်း ၁၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ ၈၈၇ ဦး လွှတ်တော်အသီးသီးမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတာဖြစ်ပြီး ပါတီခေါင်းဆောင်နဲ့ ရွေးကောက်ပွဲအပြီး ပထမဆုံး အကြိမ် ပါတီဝင်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013