DVB Logo
Home
မြန်မာသတင်း
ပြုပြင်ပြောင်းလဲမှုတွေ လုပ်မည်မဟုတ်ဟု ဦးသိန်းစိန်အစိုးရကို ဝေဖန်
DVB
·
July 8, 2011
ပြုပြင်ပြောင်းလဲမှုတွေ လုပ်မည်မဟုတ်ဟု ဦးသိန်းစိန်အစိုးရကို ဝေဖန်
Donate to DVB

သမ္မတ ဦးသိန်းစိန်ရဲ့ သက်တမ်း ပထမရက်တရာကို ကြည့်မယ်ဆိုရင် မြန်မာပြည်မှာ လက်ရှိ အစိုးရကနေ အပြောင်းအလဲတွေ လုပ်ပေးမယ်ဆိုတာကို  မမျှော်လင့်နိုင် တော့ဘူးလို့ မြန်မာ့အရေးဆောင်ရွက်တဲ့ ALTSEAN-Burma အဖွဲ့က  ပြောပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပထမဆုံးမိန့်ခွန်းမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားညီညွတ်ရေး၊ တရားဥပဒေစိုးမိုးရေးတွေကို ကတိပေးထားပေမယ့် လက်တွေ့လုပ်ရပ်တွေက ပြောတာနဲ့ ဆန့်ကျင်ဘက်ပဲလို့ အဖွဲ့ရဲ့ ဆက်သွယ်ညှိနှိုင်းရေးမှူး ဒက်ဘီစတော့ဟတ် Debbie Stothard က ပြောပါတယ်။

"လုပ်တာနဲ့ ပြောတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ဒါကြောင့် မိန့်ခွန်းထဲမှာ အဆိုးတွေ ကတိပေးခဲ့ရင်တောင် အကောင်းတွေ လုပ်ကောင်းလုပ်နိုင်တယ်လို့ ယူဆရပါတယ်။"

ဇူလိုင် ၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ALTSEAN-Burma အစီခံစာမှာလည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပထမရက်တရာအတွင်းမှာပဲ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ တိုက်ပွဲတွေ ပိုများလာတာ၊ အပြစ်မဲ့သူတွေကို သတ်တာ၊ မိန်းကလေးတွေကို အဓမ္မပြုကျင့်တာ စတဲ့စစ်ရာဇ၀တ်မှုတွေကို ကျူးလွန်တာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်မလွှတ်ပေးတဲ့အပြင် နောက်ထပ် ဖမ်းဆီးမှုတွေကိုလည်း ထောက်ပြထားပါတယ်။

ဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေကို ကြည့်မယ်ဆိုရင် ဦးသန်းရွှေရဲ့ လုပ်ရပ်တွေနဲ့ ဘာမှ မထူးဘူးလို့ ဒက်ဘီစတော့ဟတ်က ပြောပါတယ်။

"သမ္မတ သိန်းစိန်က သဘောထား ပျော့ပျောင်းတယ်လို့ ပြောနေကြတဲ့ နိုင်ငံတကာ အသိုက်အ၀န်းကို အလေးအနက် သတိပေးလိုက်တာပါ၊ သဘောထား ပျော့ပျောင်းတဲ့ ဗိုလ်ချုပ်ဟောင်းတယောက် မဟုတ်ပါဘူးဆိုတာ အတော်လေး ရှင်းပါတယ်။  သူ့ရဲ့ စိတ်ထဲ၊ နှလုံးသားထဲမှာ  အရင်စိတ်က မပျောက်သေးပါဘူး။ လုပ်ရပ်တွေက သက်သေပြနေပါတယ်။

“နောက်တချက်က သမ္မတဦးသိန်းစိန်နဲ့ လက်ရှိအစိုးရသစ်က အပြောင်းအလဲ တခုခု လုပ်လိမ့်မယ်လို့ မျှော်လင့်နေတဲ့လူတွေကို ဘာမှ ပြောင်းလဲမှာ မဟုတ်ဘူးဆိုတာ ကို နှိုးနိုးကြားကြားဖြစ်သွားဖို့ ရည်ရွယ်တာပါလို့။"

ဒါကြောင့် နိုင်ငံတကာအနေနဲ့ ဦးသိန်းစိန်အစိုးရက တခုခုလုပ်ပေးမယ်လို့ မျှော်လင့်နေတာ ထက်စာရင် တခြားနည်းကို ရွေးရသင့်တယ်လို့ ဒက်ဘီစတော့ဟတ်က ဆိုပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာအစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို တိုးမြှင့်ဖို့နဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာစုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံဖို့ ALTSEAN-Burma က တိုက်တွန်းထားပါတယ်။

ALTSEAN-Burma ဟာ အာဆီယံဒေသထဲက မြန်မာပြည်ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးကို ထောက်ခံတဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေ၊ အသိပညာရှင်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေရဲ့ ကွန်ရက်ဖြစ်ပြီး ၁၉၉၆ ခုနှစ်မှာ ဖွဲ့စည်းထားတာပါ။

မနေ့တုန်းကလည်း အမေရိကန်က ဩဇာကြီးတဲ့ အလုပ်သမားသမဂ္ဂနဲ့ လူ့အခွင့် အရေး အဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့က သမတအိုဘားမားထံကို စာပို့ထားပြီး မြန်မာအစိုးရကို ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပိုပြီးပြင်းထန်တဲ့ ဖိအားပေးဖို့ကို တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013