DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် နှင့် အနိုင်ရအဖွဲ့ချုပ်အမတ်များ မနက်ဖြန် ဆွေးနွေးမည်
DVB
·
November 27, 2015
ဒေါ်အောင်ဆန်းစုကြည် နှင့် အနိုင်ရအဖွဲ့ချုပ်အမတ်များ မနက်ဖြန် ဆွေးနွေးမည်
Donate to DVB

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေကို အသုတ်လိုက်ခွဲပြီး တွေ့ဆုံဆွေးနွေးဖို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားထားပါတယ်။

နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီမှာ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စတင်တွေ့ဆုံမှာဖြစ်ပြီး မွန်းလွဲ ၁ နာရီမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့ မနက်မှာတော့ မြန်မာပြည်အထက်ပိုင်းက မန္တလေး၊ စစ်ကိုင်း၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်က ကိုယ်စားလှယ်လောင်းတွေ၊ မွန်းလွဲပိုင်းမှာ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် နာဂ၊ ဓနု၊ အင်းသားနဲ့ ပလောင် ဒေသက ကိုယ်စားလှယ်တွေနဲ့ ပျဉ်းမနားမြို့ မေခန်းမမှာ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ကြားထားပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်ဌေးက “ကျနော်တို့ တိုင်း ဥက္ကဋ္ဌတွေ၊ ပြည်နယ်ဥက္ကဋ္ဌတွေ အနိုင်ရကိုယ်စားလှယ်တွေ မနက်ဖြန် တော်ဝင်နှင်း ဆီမှာတွေ့ဆုံမှာပါ။ ကိုယ်စားလှယ်တွေက ဆွေးနွေးဖို့ ဆိုတာထက် အန်တီပြောမယ့်ကိစ္စပဲ နားထောင်ပြီး ပြန်ဆွေးနွေးကြလိမ့်မယ်။  ဆွေးနွေးမယ့် အကြောင်းအရာ အစီအစဉ် ကျနော်တို့ မသိထားဘူး။ အရေးတော့ကြီးမှာပါ။ အန်တီ သူပြောစရာရှိတာတွေ အသိပေးစရာရှိတာတွေ အသိပေးလိမ့်မယ်လို့တော့ ကျနော်ထင်ပါတယ် ”လို့ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ ရွေးကောက်ပွဲမှာ ကုန်ကျတဲ့ ဘဏ္ဍာရေး အသုံး စာရိတ်တွေကို အစစ်ဆေးခံဖို့  ပြင်ဆင်ထားကြပါတယ်။

ဧရာဝတီတိုင်း အိမ်မဲမြို့နယ် အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက “ကျမတို့ကို ဘာအကြောင်းအရာနဲ့ ခေါ်တွေ့မယ်ဆိုတာ မသိသေးတဲ့အတွက် ဘာမှပြောလို့ မရသေးဘူး။ ကျမတို့ဘက်က စီစဉ်ထားတဲ့အရာတွေကတော့ ကျမတို့ ဒီအောင်နိုင်ရေးကာလတွေမှာရှိတဲ့ ကျမတို့ နယ်တွေမှာရှိတဲ့ အခက်အခဲတွေ၊ ပြဿ  နာတွေ ရင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး မေးမယ်ဆိုရင် ပြောပြဖို့အသင့် ကျမတို့မှာ အဖြေရှိတယ်။ နောက်ကျမတို့ ငွေစာရင်းနဲ့ပတ်သက်ပြီးတော့ ကျမတို့ ပြောပြဖို့ အသင့်ရှိတယ်။ ဒါတွေကတော့ ကျမတို့ဆီမှာ ရှိပြီးသားပဲ။ ဘာအတွက်ခေါ်တွေ့တယ်၊ ဘာခေါင်းစဉ်နဲ့ခေါ်တွေ့တယ်ဆိုတာ ကျမတို့ မသိသေးတဲ့အတွက်ကြောင့် တခြားဟာတွေ ကျမတို့ ဘာမှမပြင်ဘူး။”

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်ကလည်း ဥက္ကဋ္ဌ နဲ့ တွေ့ဆုံကြတဲ့ အခါကျမှသာ  အကြောင်းအရာသိရမှာဖြစ်တဲ့အတွက် အများနည်းတူ စိတ်ဝင်တစား သိချင်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့  ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  လွှတ်တော်ကိုယ်စားလှယ် ပေါင်း ၁၀၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ရာမှာ ၈၈၇ ဦး လွှတ်တော်အသီးသီးမှာ ရွေးကောက်တင်မြှောက်ခံခဲ့ရတာဖြစ်ပြီး ပါတီခေါင်ဆောင်နဲ့ ရွေးကောက်ပွဲအပြီး ပထမဆုံး အကြိမ် တွေ့ဆုံမှုဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013