DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားမည်
DVB
·
November 27, 2015
ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံးကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားမည်
1 / 3
Donate to DVB

ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်တခုလုံးနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်သွားဖို့ရှိနေတယ်လို့ အန်အယ်လ်ဒီပါတီ ပြောရေး ဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်  ဦးဝင်းထိန်က ဒီဗွီဘီကို ပြောပါတယ်။

အန်စီအေ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ နိုဝင်ဘာ ၂၆ ရက် မနက်က ရန်ကုန်မြို့ အန်အယ်ဒီပါတီဌာနချုပ်မှာ တွေ့ဆုံစဉ်ပြောကြားခဲ့တာပါ။

တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်တွေကို အစိုးရအပြောင်းအလဲမှာ  ငြိမ်းချမ်းရေး ဘယ်လိုဆက်လက် အကောင်အထည်ဖော်မလဲဆိုတာနဲ့ပတ်သက်ပြီး တွေ့ဆုံပွဲမှာ ရှင်းလင်း ပြောပြခဲ့တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“ကျနော်တို့က ပြောလိုက်တယ်လေ။ အစိုးရက အကောင်အထည်ဖော်လို့ရှိရင် ငြိမ်းချမ်း ရေးဖြစ်စဉ်ကြီးတခုလုံးကို ဒေါ်အောင်ဆန်းစုကြည်ကပဲ ဦးဆောင်မယ်။ လက်ရှိ  မြန်မာငြိမ်းချမ်းရေးစင်တာ (အမ်ပီစီ)  အဖွဲ့ဝင် လုပ်ထားတဲ့ကိစ္စတွေကို ကျနော်တို့ အကျိုးရှိတဲ့ အချက်အလက်မှန်သမျှ ဆက်လက်ပြီးတော့အသုံးပြုမယ်။ နောက်တခုက ကျနော်တို့ပါတီက ၁၉၈၉ခုနှစ်ကတည်းက တိုင်းရင်းသားပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းမယ်ဆိုတဲ့ ရပ်တည်ချက်က အဲဒီကတည်းကနေ အခုထိ ကျနော်တို့ ပြောင်းလဲမှုမရှိဘူး။ အနာဂတ်မှာလည်း နိုင်ငံတော်ကို ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် လုပ်မှာမို့လို့ တိုင်းရင်းသားတွေရဲ့အရေးဟာ ကျနော်တို့ ဦးစားပေးထဲမှာ ပါတယ်ဆိုတဲ့အကြောင်း ပြောပြတာပေါ့။ ”

အန်အယ်လ်ဒီခါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံရာမှာပါဝင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ဒု-ဥက္ကဌ ဦးမျိုးဝင်းက “အန်အယ်ဒီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရထားတယ်။ ရှေ့ဆက် ငြိမ်းချမ်းရေး လုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတာကို။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အန်အယ်လ်ဒီအနေနဲ့ အကောင်အထည်ဖော်ရမှာ ဖြစ်တဲ့အတွက် ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အန်စီအေ ဆောင်ရွက်မှု အခြေအနေကို အန်အယ်လ်ဒီကို တင်ပြဖို့အတွက်လိုအပ်တယ်။ အန်အယ်လ်ဒီမှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရည်ရွယ်ချက်ရှိပြီးသားအပေါ်မှာ မူတည်ပြီးတော့ဆက်လက်ပြီး ဦးဆောင်ပါဝင်ဖို့အတွက် သဘောထားရှိပါတယ်” လို့ပြောပါ တယ်။

အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့  တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ အန်စီအေကို လက်မှတ်ရေးထိုးပြီးနောက်  ရက်ပေါင်း(၆၀)အတွင်း နိုင်ငံရေးဆွေးနွေးပွဲမူ ဘောင်တစ်ရပ်ကိုအပြီးရေးဆွဲဖို့ရှိနေတာပါ။

ဒီမူဘောင်ဟာ အလွန်တင်းကြပ်တဲ့မူဘောင်တစ်ရပ်အဖြစ် ဦးတည်ရေးဆွဲကြမှာ မဟုတ်ဘဲ အားလုံးအတွက်အဆင်ပြေမယ့်  မူဘောင်တစ်ရပ်ကိုသာရေးဆွဲကြမယ်လို့  တိုင်းရင်းသားတွေ ဘက်က အန်အယ်ဒီကို တင်ပြဆွေးနွေးခဲ့တယ်လို့လည်းသိရပါတယ်။

အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရဲ့ ကောင်းကွက်တွေကိုယူ၊ ပြောင်းသင့်တာတွေ ပြောင်းပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့  အာအက်ဖ်အေသတင်းဌာနကိုပြောထားပါတယ်။

“အပစ်ခတ်ရပ်စဲရေးကိစ္စနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးမူဘောင်ဆွဲတာနဲ့ပတ်သက်ပြီးတော့ အခုလုပ်နေတဲ့ ဟာတွေက ဆက်ပြီးတော့ လုပ်ဖို့ ဆိုလို့ရှိရင် အခုကတည်းက စပြီးတော့ညှိရမှာ။ ဘာဖြစ်လို့လဲဆိုတော့ အမ်ပီစီ လုပ်ခဲ့တဲ့ကိစ္စတွေ တချို့ကောင်းတဲ့ဟာတွေကို ကျမတို့ဆက်ပြီးလုပ်ချင်တယ်။ တချို့တွေက ပြောင်းသင့်တယ်လို့ထင်တဲ့ကိစ္စတွေ ကျမတို့ ပြောင်းမှာပေါ့။ အဲတော့ အခုကတည်းက ညှိပြီးတော့လုပ်ဖို့လိုတယ်။ ဒါကြောင့်မို့လို့ တွေ့သင့်တဲ့လူတွေနဲ့ စောစောစီးစီးတွေ့ဖို့ဆိုတာဟာ ဒီနိုင်ငံရဲ့ကိစ္စအ၀၀ ငြိမ်းချမ်းရေး အပါအ၀င်အတွက် အများကြီးကောင်းတယ်။ ဒါကြောင့် မြန်မြန်ဆန်ဆန်ဖြစ်စေချင်တယ်။ မြန်မြန်ဆန်ဆန်ဖြစ်စေချင်တယ်ဆိုတာ အာဏာလွှဲပြောင်းရေးကို ပြောတာမဟုတ်ဘူး။ ချောချောမွှေ့မွှေ့ အာဏာလွှဲပြောင်းရေးဖြစ်စေမယ့် ခြေလှမ်းတွေကို တလှမ်းပြီးတလှမ်း မြန်မြန်ဆန်ဆန်ယူမှ ဥပဒေအရ အာဏာလွှဲပြောင်းရမယ့်အချိန်ရောက်တဲ့အခါကျရင် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေ၊ ငြိမ်းချမ်းရေးရရှိမှုအပါအ၀င် ချက်ချင်းလုပ်သွားလို့ရတယ်။ ”

မနေ့က တွေ့ဆုံပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဘက်က ကေအန်ယူက ပဒိုကွယ်ထူးဝင်း ဦးဆောင်ပြီး PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း၊ CNF ဥက္ကဋ္ဌ ပူးနန်လျန်းထန်၊ ABSDF ဒုဥက္ကဋ္ဌရဲဘော်မျိုးဝင်း၊ ALPဗဟိုကော်မတီဝင်စောမြရာဇာလင်းတို့နဲ့အတူ နည်းပညာအ ထောက်ကူတွေဖြစ်တဲ့ ဆရာမဂျာနန်၊ဆရာမနန်းရော်တို့ တက်ရောက်ခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကတော့ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဟန်သာမြင့်နဲ့တူ ဗေဒါ သုတေသနအဖွဲ့ခေါင်းဆောင်ဦးမျိုးရန်နောင်သိန်းလည်း  ပါဝင်တွေ့ဆုံခဲ့ပါတယ်။

ဓာတ်ပုံ  -  Karen National Union HQ

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013