DVB Logo
Home
Lead Story
အကူးအပြောင်းအတွက် ညှိနှိုင်း ဆွေးနွေးပွဲများ
DVB
·
November 27, 2015
အကူးအပြောင်းအတွက် ညှိနှိုင်း ဆွေးနွေးပွဲများ
1 / 3
Donate to DVB

ရွေးကောက်ပွဲရလဒ်များ ရုပ်လုံးပေါ်စမှာပင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံ ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။ ပုဂ်္ဂိုလ်နှစ်ဦးကလည်း ကမ်းလှမ်းချက်ကို လက်ခံခဲ့ရာ များမကြာမီ ဆုံတွေ့ ဖြစ်လိမ့်မည်ဟု မျှော်လင့်ရသည်။

တစ်ချိန်တည်းတွင် အများ ထင်မှတ်မထားသည့် ကမ်းလှမ်းမှု (?) တစ်ခု ပြီးခဲ့သော ရက်ပိုင်းအတွင်းက ပေါ်ပေါက်ခဲ့၏။

ဗိုလ်ချုပ်မှူးကြီး (ဟောင်း) သန်းရွှေ၏ မြေးဖြစ်သူက ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက် တွေ့ဆုံခြင်း ဖြစ်၏။ တွေ့ဆုံမှု၏ သဘော သဘာဝနှင့် အနက်အဓိပ္ပာယ်တို့ကို မသိနိုင်ကြသေးသည့် အားလျော်စွာ အများသူငါကြား သို့လော သို့လော တွေးတောမှုများ ဖြစ်ပေါ်လျက် ရှိ၏။ ဦးသန်းရွှေသည် အာဏာလက်ရှိအုပ်စုကို နောက်ကွယ်မှ ကြိုးကိုင်ဆဲ၊ သြဇာလွှမ်းမိုးဆဲဟု ယူဆထားကြရာ၊ ၎င်းင်းအတိုင်းဆိုလျှင် ဦးသန်းရွှေသည် ဒေါ်အောင်ဆန်း စုကြည်နှင့် ညှိနှိုင်း ဆွေးနွေးစရာရှိက မကြာမီ တွေ့ဆုံမည့် ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ်တို့မှ တစ်ဆင့် ပြောဆိုရန်သာရှိ၏။ ယခု အဲသည်လို မဟုတ်ဘဲ မြေးဖြစ်သူကို ခိုင်းစေခြင်းသည် အဘယ်ကြောင့်နည်း။ သူ့မှာ ထိုပုဂ်္ဂိုလ် များနှင့် မတူသည့် သို့မဟုတ် မသက်ဆိုင်သည့် သီးခြား အစီအစဉ် ရှိ၍လား။ အဲဒါဆိုလျှင် ၎င်းတို့အကြား မတူကွဲပြားမှုများ ရှိနေသလား။ သို့တည်းမဟုတ်၊ မြေးဖြစ်သူ ကိုယ်တိုင်က နိုင်ငံရေးတွင် ပါဝင်လိုခြင်းကြောင့် သူ့သဘော သူဆောင်ကာ ဆက်သွယ် တွေ့ဆုံခြင်းလား၊.....စသဖြင့်။

ယင်းသို့ စမ်းတ၀ါးဝါး တွေးတောကြသည့် ကြားကပင် လူအတော်များများကတော့ ယခုကိစ္စကို အကောင်းဘက် မျှော်လင့်ကြတာ တွေ့ရ၏။

မတူသူ၊ မတည့်သူ၊ မျက်နှာချင်း မဆိုင်နိုင်သူတွေ ဆက်သွယ်ကြ တွေ့ဆုံကြ စကားပြောကြမည်ဆိုလျှင် တိုင်းပြည်အတွက် အကျိုးရှိလိမ့်မည်ဟု ယုံကြည်ကြသော ကြောင့် ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကတော့ တွေ့ဆုံ ဆွေးနွေးရေးဆိုတာကို အစဉ်တစိုက် ပြောဆိုခဲ့တာ ဖြစ်သည်။

သည်တိုင်းပြည်၏ ပြဿနာတွေသည် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းသောနည်း၊ အပေးအယူ အလျှော့အတင်းပြုသော နည်းများဖြင့်သာ ပြေလည်နိုင်မည် ဖြစ်ပါသည်။

အထက်တွင် ဖော်ပြခဲ့သည့် ကမ်းလှမ်းချက်နှစ်ရပ်သည် မကြာမီ ပြုလုပ်ရတော့မည့် အစိုးရအဖွဲ့ဟောင်းမှ အဖွဲ့သစ်သို့ အာဏာလွှဲပြောင်းမှုကိစ်္စ ချောမွေ့စေရေးအတွက် ညှိနှိုင်းရန် ကမ်းလှမ်းချက်များ ဖြစ်သည်ဟု မြင်သည်။ မလွှဲပြောင်းမီ ပေးတာတွေ ပေး၊ ယူတာတွေ ယူကြမည်၊ ဘာလုပ်မည်၊ ဘာမလုပ်ဘူး၊ ခင်ဗျားကလည်း ဘာလုပ်ပါ၊ ဘာမလုပ်ပါနဲ့၊ အပြန်အလှန် ကတိပြုကြမည်။ အဲဒါတွေ ညှိနှိုင်း အဆင်ပြေ လျှင် အလွှဲအပြောင်း ကိစ္စ ချောမွေ့မည်။

သည်ကိစ္စက သာမန် ရာထူး အလွှဲအပြောင်း ကိစ္စ မဟုတ်။ လူရောစနစ်ပါ ပြောင်းသည့် ကိစ္စ ဖြစ်သည်။ အုံနှင့် ကျင်းနှင့် ပြောင်းရမည့် အပြောင်းအလဲဖြစ်သည်။ ထို့ကြောင့် တစ်ထိုင်တည်း ဆွေးနွေး၍မရ။ အချိန်ယူ ရလိမ့်မည်။ သို့သော် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများလို အချိန် အကန့်အသတ်မရှိ ဆွေးနွေးနေလို့လည်း မရ။ မတ်လ မကုန်မီ လွှဲပြောင်းရမည်ဖြစ်ရာ ဆွေးနွေးပွဲတွေ အမြန်ဆုံး စနိုင်လေ၊ နှစ်ဦးနှစ်ဖက် အဆင်ပြေလေ ဖြစ်မည်။

အစိုးရ အလွှဲအပြောင်း ဆွေးနွေးပွဲက လတ်တလော အရေးကြီးသော ကိစ္စဖြစ်သည်။

သို့သော်၊ သည်တိုင်းပြည်မှာ သည်ဟာအပြင် တခြား ဆွေးနွေးစရာ များစွာ ရှိသေးသည်။ ဥပမာပြောရသော်၊ အစိုးရသစ် လက်ထက်တွင် တိုင်းပြည်အတွက် မူဝါဒများ ချမှတ်သည့် နေရာ၌ လူမျိုးစု တိုင်းရင်းသားများ ပါဝင်ခွင့် ရရေး ပြောဆိုနေတာတွေ ရှိသည်။ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်မည်ဟု ကတိပေးခဲ့သော NLD အနေဖြင့် မိမိအား ဆန္ဒမဲများ တစ်ခဲနက် ပေးခဲ့သော လူမျိုးစု တိုင်းရင်းသားတို့၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးဖို့ လိုလိမ့်မည်။

TS-and-DASSKတစ်ဖက်တွင်၊ မပြီးဆုံးသေးသော အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲရှိသည်။ အပစ်ရပ်ကိစ္စ မပြတ်သေး သော်လည်း အရင်းခံ နိုင်ငံရေးပြဿနာများကို ညှိနှိုင်း အဖြေရှာမည့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် တာစူ နေတာလည်း ရှိသည်။ တစ်နိုင်ငံလုံးရှိ လက်နက်ကိုင်သော အင်အားစုများရော၊ လက်နက်မကိုင်သော အင်အားစုများပါ ပါဝင်ကြရမည့် ညှိနှိုင်း ဆွေးနွေးပွဲ။

မစရသေးသည့် နိုင်ငံရေး ဆွေးနွေးပွဲသည် တိုင်းရင်းသား အားလုံး တန်းတူညီမျှရှိသော ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေး အထိ ဦးတည်ထားတာ ဖြစ်ရာ၊ အဲသည် အတိုင်းဖြစ်ဖို့ဆိုလျှင် မလွှဲမရှောင်သာ လုပ်ဆောင် ရမည့် အရာတစ်ခု ရှိနေသည်။

အဲဒါက ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊

ဖွဲ့စည်းပုံ ပြင်ဆင်ရေးက နိုင်ငံရေး ဆွေးနွေးပွဲမှာ တစ်ပါတည်းဖြစ်ဖြစ်၊ သူ့ချည်း သီးသန့်ဖြစ်ဖြစ် ဆောင်ရွက် ရလိမ့်မည်။ အဲသည်အတွက် လုပ်ရမှာက ဖွဲ့စည်းပုံကို ကာကွယ် စောင့်ရှောက်ရန် တာဝန်ယူထားသော တပ်မတော်နှင့် ဖွဲ့စည်းပုံကို ပြင်ဆင်လိုသူများအကြား ဆွေးနွေးပွဲ။

ဒီမိုကရေစီ အကူးအပြောင်း အောင်မြင်ဖို့ အဲသည် အဆင့်ဆင့်သော ညှိနှိုင်း ဆွေးနွေးပွဲများဖြင့် သွားကြ ရလိမ့်မည်။

သည်အတွက် ကျွန်တော်တို့ တိုင်းပြည်မှာ မတူသူတွေ မျက်နှာချင်းဆိုင်ထိုင်ကာ အပြန်အလှန် စကားပြောဆိုသော နည်းဖြင့် ပြဿနာ အဖြေရှာသည့် ဓလေ့တစ်ခု ထွန်းကား လာဖို့ လိုသည်။ တစ်ဖက်နှင့်တစ်ဖက် မကြာခဏ ထိတွေ့ ကာ၊ တစ်ဖက်လူ ပြောစကားကို တစ်ဖက်က သည်းခံ နားထောင်ခြင်းဖြင့် သူ့လိုအင်ဆန္ဒ-ကိုယ့်လိုအင်ဆန္ဒ၊ သူ့ မကျေနပ်ချက်-ကိုယ့်မကျေနပ်ချက်၊ သူ့ဘက်က အမြင်-ကိုယ့်ဘက်က အမြင်တွေကို အပြန်အလှန် သိမြင်လာပြီး၊ တစ်စတစ်စ နားလည်ပေးနိုင်ကာ၊ သူက သည်အရာ၊ ကိုယ်က ဟိုအရာ စသဖြင့် လိုက်လျော အလျှော့ပေးနိုင် တာတွေ ရှိလာမည်ဖြစ်သည်။

တချို့ ကိစ်္စကျတော့လည်း ကြာကြာ ပြောဆိုကြည့် ငြင်းခုံကြည့်ပြီးမှ၊ ခင်ဗျားနဲ့ ကျွန်တော် ဘာမှ သဘော ကွဲလွဲတာ မဟုတ်ဘူး၊ ရပ်တည်တာ အတူတူပဲ၊ စကားလုံး အသုံးအနှုန်း မတူလို့ အထင်အမြင်လွဲစရာ ဖြစ်နေတာ၊ အခု ရှင်းသွားပြီ။ ဘာပြဿနာမှ မရှိတော့ဘူး ဆိုတာမျိုးလည်း ဖြစ်သွားတတ်သည်။

11169241_10204907131829980_2060035075879759475_n-622x467တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် တိုက်လက်စ စစ်ပွဲတွေ ရပ်စဲပြီးဆုံးသွားတာ၊ ကွဲပြဲနေသည့် နိုင်ငံတွေ ပြန်လည် ပေါင်းစည်းသွားတာ၊ သိမ်းပိုက်ခံ တိုင်းပြည်တွေ လွတ်မြောက်သွားတာ၊ အစိုးရစနစ် တစ်ခုမှ နောက် စနစ် တစ်ခုသို့ သိမ်မွေ့ညင်သာစွာ ပြောင်းလဲ သွားတာတွေ က်္ဘာမှာ သာဓက များစွာ ရှိပါသည်။

အရေးကြီးဆုံးက စိတ်ရှည်ဖို့၊ စိတ်ရင်းစေတနာမှန်ဖြင့် ဆွေးနွေး အဖြေရှာဖို့ ဖြစ်သည်။ တိုင်းပြည်ကောင်းဖို့ ဟူသော စိတ်သဘော အခြေခံဖြင့် ညှိနှိုင်းခြင်း ဖြစ်က မြန်မာ့ပြဿနာများသည် မပြေလည်နိုင်စရာ အကြောင်း မရှိဟု ရှုမြင်မိပါသည်။

ဖေမြင့်

၂၃၊ ၁၁၊ ၂၀၁၅

 (ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၂၊ အမှတ် - ၆၁၊ ဆရာဖေမြင့်ဆောင်းပါးကို ပြန်လည်ဖော်ပြထားခြင်း ဖြစ်ပါသည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013