DVB Logo
Home
မြန်မာသတင်း
သာဝတ္ထိမြို့တွင် စွန့်ပစ်ခံ ကလေးများအတွက် အကူအညီလိုအပ်
DVB
·
November 27, 2015
သာဝတ္ထိမြို့တွင် စွန့်ပစ်ခံ ကလေးများအတွက် အကူအညီလိုအပ်
1 / 6
Donate to DVB

နေပြည်တော်၊ သာဝတ္ထိမြို့က မိဘမဲ့နဲ့စွန့်ပစ်ခံ ကလေးတွေကို ကူညီစောင့်ရှောက်နေတဲ့ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်မှာ ကလေးဦးရေ များလာတဲ့အတွက် အကူအညီတွေ လိုအပ်နေပါတယ်။

သာဝတ္ထိမြို့၊ စမတောင်ပေါ်မှာ မိဘမဲ့နဲ့ စွန့်ပစ်ခံ ကလေးတွေကို စောင့်ရှောက်လာတာဟာ အခုဆိုရင် အယောက် ၅၀၀ ကျော်ရှိနေပါပြီ။

"နို့ဘူးတိုက်အရွယ်ကပဲ အယောက် ၃၀ ကျော်ရှိတယ်။ အားလုံးပေါင်း ၅၄၀ ကျော်ရှိတယ်။ တစ်ရက်ကို ဆန် ၇ တင်းကျော်ချက်ရတယ်။ ငွေဆိုရင် ၆ သိန်းလောက်ပေါ့။ လေးရက်နေမှ အသားငါး တကြိမ်ကျွေးတယ်။ ကျန်တဲ့ရက်တွေကတော့ အသီးအရွက်၊ ပဲအမျိုးမျိုးတွေ ကျွေးရတယ်။ အလှူရှင်ရှိရင်တော့ စားရတာပေါ့လေ" လို့ ကျောင်းအုပ်ချုပ်မှုဆရာတော် ဘဒ္ဒန္တဉာဏိန္ဒက မိန့်ပါတယ်။

နို့စို့အရွယ်ကနေ တက္ကသိုလ် တက်တဲ့အထိ ထောက်ပံ့နေတာကြောင့် ပညာသင်စရိတ်နဲ့ စားစရာရိက္ခာ လိုအပ်ချက်ရှိနေတာပါ။

"တက္ကသိုလ်မှာ ၃၆ ယောက်ရှိတယ်။ တက္ကသိုလ်တက်နေရတဲ့သူတွေအတွက် တစ်လကို ၆ သောင်းလောက် ကုန်တယ်။ အထက်တန်းအဆင့်တွေကတော့ ကျူရှင်ခရှိတာပေါ့" လို့ ကျောင်းအုပ်ချုပ်မှုဆရာတော်က မိန့်ပါတယ်။

ကလေးတွေကို အဖွဲ့တွေဖွဲ့ပေးပြီး အချင်းချင်း ထိန်းတဲ့စနစ်နဲ့ ထားတာပါ။

"ကလေးတွေက သူတို့ မိဘမဲ့ ဆိုတာကို သိတယ်။ ဒါပေမယ့် သူတို့လိုမျိုး အများကြီးတွေ့နေတော့ သိပ်တော့ စိတ်ဓာတ်မကျဘူး။ သူတို့ကိုလည်း စိတ်ဓာတ် အရမ်းကျမသွားအောင် ပြောပေးရတယ်။ ကလေးတွေကို စာသင်ပေးရတာ ပျော်တယ်။ တခါတလေတော့ မျက်ရည်ကျမိတယ်။ ဒါပေမယ့် သူတို့အတွက် ကိုယ်တွေကပဲ မိဘဖြစ်နေတာ" လို့ မူကြိုမှာ တာဝန်ယူပေးရတဲ့ မနှင်းရီဝေက ပြောပါတယ်။

ပြီးတော့ ဒီတောင်ပေါ်မှာပဲ မူကြိုကနေ အလယ်တန်းကျောင်းခွဲ ဖွင့်လှစ်ပြီး ပညာသင်ကြားပေးပါတယ်။

ဒီကနေ ဘွဲ့ရသွားသူ ၁၇ ယောက်ရှိပြီး အင်ဂျင်နီယာ  ၃ ယောက်ရှိတာပါ။ လက်ရှိမှာတော့ ဗိုလ်သင်တန်း တက်နေသူ ၅ ယောက်၊ နည်းပညာတက္ကသိုလ်မှာ ၉ ယောက်၊ သူနာပြုတက္ကသိုလ်မှာ ၁၂ ယောက်အပါအ၀င် တက္ကသိုလ်တက်နေသူ ၃၆ ယောက် ရှိပါတယ်။

"ပညာရေးကတော့ မသင်မနေရပဲ။ ဘ၀ရဲ့ ထွက်ပေါက်က ဒါပဲ ရှိတာလေ။ ဘယ်မိဘဆီကမှ အမွေရစရာ မရှိဘူး။ အိုင်ကျူ မမီတဲ့ ကလေးတွေ ဆိုရင်လည်း လက်မှု ပညာတွေ သင်ပေးရတာပေါ့။ အရင်ကတော့ ရပ်ကွက်ထောက်ခံစာနဲ့မှ လက်ခံတယ်။ အခုကတော့ သိပ်ပြီး မစိစစ်တော့ဘူး။ ရောင်းတဲ့အထဲ ပါသွားမှာ စိုးလို့။ ကိုယ့်ဆီရောက်လာအပ်တာပဲ တော်သေးတယ်ဆိုပြီး လက်ခံထားတာ" လို့လည်း ကျောင်းအုပ်ချုပ်မှု ဆရာတော်က မိန့်ပါတယ်။

လက်ရှိမှာတော့ မိဘတွေ ကိုယ်တိုင် နည်းအမျိုးမျိုးနဲ့ စွန့်ပစ်ခံရတဲ့ ကလေးတွေက ပိုများလာတယ်လို့ ဆရာတော်က မိန့်ပါတယ်။

 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013