DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်၌ ဗုံးကြဲတိုက်ခိုက်မှု နိုင်ငံတကာနှုတ်ဆိတ်နေဟု ရှမ်းအဖွဲ့များ ဝေဖန်
DVB
·
November 26, 2015
ရှမ်းပြည်နယ်၌ ဗုံးကြဲတိုက်ခိုက်မှု နိုင်ငံတကာနှုတ်ဆိတ်နေဟု ရှမ်းအဖွဲ့များ ဝေဖန်
Donate to DVB

ရှမ်းပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ စစ်ဘေးရှောင် ပြည်သူပေါင်း ၁ သောင်းကျော် ရှိလာတဲ့ကိစ္စအပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေက ထူးခြားစွာ နှုတ်ဆိတ်နေပြီး လူသားချင်းစာနာမှု အကူအညီပေးတတွေလည်း အားနည်းနေတယ်လို့ ရှမ်းလူမှုအဖွဲ့ပေါင်း ၃၀ ကျော်က ဝေဖန်ပြောလိုက်ပါတယ်။

နိုဝင်ဘာ ၂၆ ရက်မနက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ ကလပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေက ပြောကြားခဲ့တာပါ။

ရှမ်းပြည်နယ် လွိုင်လင်ခရိုင်က ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှူးမြို့နယ်ထဲမှာ တလကျော် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူပေါင်း ၁ သောင်းကျော် အိုးအိမ်လယ်ယာတွေ စွန့်ခွာပြေးနေရတဲ့ ကိစ္စမှာ နိုင်ငံတကာအဖွဲ့တွေရော ရန်ကုန်မှာ အခြေစိုက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေပါ ဘာကြောင့် နှုတ်ဆိတ်နေကြသလဲဆိုတာကို နားမလည်နိုင်ဘူးလို့ ရှမ်းလူမှုအခြေပြု အဖွဲ့အစည်းရဲ့ ပြောခွင့်ရ စိုင်းခေးဆိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ရှမ်းပြည်မှာ ဒါလောက် လေယာဉ်တွေသုံးပြီး ပစ်ခတ်နေတာ၊ ထောင်နဲ့ချီတဲ့  ပြည်သူတွေ ဒုက္ခရောက်နေကြတာကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ နော်ဝေတို့ အီးယူအဖွဲ့တွေ ဆိတ်ဆိတ်နေကြတာ၊ ၀င်မပြောတာကို နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ ရန်ကုန်မှာရှိတဲ့ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေလည်း ထိထိရောက်ရောက် သွားကူတာတွေ မတွေ့ရဘူး၊ ဒါမှမဟုတ် မြန်မာပြည်ရွေးကောက်ပွဲလည်း လှပစွာ ပြီးဆုံးသွားပြီလို့ဆိုပြီး ၀င်မပြောတာလား၊ အဲဒီဒေသက စစ်ဘေးရှောင်ပြည်သူတွေဟာ ပြည်ထောင်စုသားထဲမှာ မပါဝင်လို့လား၊ ကျနော်တို့ ရှမ်းပြည်ပေါ်မှာ ဘယ်လိုမြင်သလဲဆိုတဲ့ နိုင်ငံတကာက အမြင်တွေ ထွက်ပေါ်လာစေချင်ပါတယ်။”

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရှမ်းအမျိုးသမီးအဖွဲ့က နန်းချန်တောင်းကလည်း နေပြည်တော် အစိုးရတပ်မတော်ရဲ့ ထိုးစစ်တွေကို နိုင်ငံတကာက နှုတ်ဆိတ်နေတာဟာ သူတို့ကို ကျူးလွန်ခွင့်ပြုရာ ရောက်တယ်လို့ ဖြည့်စွက်ပြောပါတယ်။

“နေပြည်တော် အစိုးရတပ်မတော်ရဲ့ ထိုးစစ်တွေ၊ စစ်ရာဇ၀တ်မှု ကျူးလွန်နေတာတွေကို ဘာမှဝင်မပြောဘဲ နှုတ်ဆိတ်နေတာဟာ အဲဒီအကြမ်းဖက်မှုကို မီးစိမ်းပြလိုက်တာ၊ အားပေးရာလည်း ရောက်ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ မြန်မာ့တပ်မတော်ရဲ့ ကျူးလွန်မှုတွေကို ဝေဖန်ရှုတ်ချဖို့နဲ့ တိုင်းရင်းသားနယ်မြေမှာ ထိုးစစ်ဆင်ပြီး စစ်အာဏာနယ်မြေ ချဲ့ထွင်နေတာကို ရပ်တန့်ဖို့ ၀ိုင်းဝန်းတောင်းဆိုပေးဖို့ ပြောကြားလိုပါတယ်။”

အလားတူ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ဥပဒေပညာရှင် ဆာရာပေါင် ခွန်းချန်တွတ်ကလည်း လေယာဉ်အသုံးပြု တိုက်ခိုက်တာဟာ ရာဇ၀တ်မှု ကျူးလွန်ရာ ရောက်တဲ့အတွက် အမိန့်ပေးသူကိုရော၊ ဗုံးကြဲသူတွေကိုပါ အရေးယူသင့်ကြောင်း၊ တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ အဆောက်အဦတွေ၊ သေဆုံးထိခိုက်ဒဏ်ရာရသူတွေ၊ ပျက်စီးသွားတဲ့ လယ်ယာမြေသီးနှံတွေ အလျော်အစားပြန်ပေးဖို့၊ စစ်ဘေးရှောင်ပြည်သူတွေ ပြန်လည်ထူထောင်ပေးဖို့ အစိုးရမှာ တာဝန်ရှိကြောင်း သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို ဘန်ကောက်အခြေစိုက် နိုင်ငံခြားသတင်းဌာနတွေနဲ့ ထိုင်းသတင်းထောက်တွေ၊ ဘန်ကောက်ရောက် ရှမ်းလူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ စုစုပေါင်း ၄၀ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရှမ်းပြည်နယ်၌ ဗုံးကြဲတိုက်ခိုက်မှု နိုင်ငံတကာနှုတ်ဆိတ်နေဟု ရှမ်းအဖွဲ့များ ဝေဖန်