
မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စွန့်ပစ်မြေစာပုံပြိုကျပြီး လူ ၁၀၀ ကျော် သေဆုံးခဲ့ရမှုအတွက် ၀မ်းနည်းကြောင်း တောင်အာဖရိကနိုင်ငံသမ္မတ ဂျက်ကော့ ဇူးမားက သ၀ဏ်လွှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။
သမ္မတဇူးမားက တောင်အာဖရိကအစိုးရနဲ့ ပြည်သူတွေကိုယ်စား မြန်မာအစိုးရနဲ့ အထူးသဖြင့် မြေပြိုမှုမှာ သေဆုံးဒဏ်ရာရ ပျောက်ဆုံးနေသူတွေရဲ့ မိသားစုတွေနဲ့ မိတ်ဆွေ အပေါင်း အသင်းတွေထံ အလွန်အမင်းဝမ်းနည်းတဲ့ကြောင်း စကားသ၀ဏ်ပေးပို့လိုက်တယ်လို့ တောင်အာဖရိက နိုင်ငံတကာဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဌာနက ထုတ်ပြန် ပါတယ်။
ဒ့ါအပြင် ကချင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှာ မြေပြိုသဘာဝဘေးဒဏ်ခံစားခဲ့ရအပြီး မြန်မာ ပြည်သူတွေ ခံစားနေရတာနဲ့အတူ တောင်အာဖရိက ပြည်သူတွေကလည်း ထပ်တူရှိနေ တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က ဖားကန့်မြိုနယ် အတွင်း ကျောက်တူးကုမ္ပဏီတွေက စွန့်ပစ် ထားတဲ့ မြေစာပုံပြိုကျပြီး လူပေါင်း ၁၁၄ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
ခုလို လူတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အပေါ် အတိုက်အခံပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ တရားဥပဒေစိုးမိုးရေးမရှိတာ၊ ပြည်သူတွေရဲ့ လုံခြုံမှုနဲ့ အသက်အိုးအိမ်စည်းစိမ် တန်ဖိုးမထားတဲ့ အခြေအနေကို ရောင်ပြန်ဟပ်နေတယ်လို့ အာအက်ဖ်အေ သတင်းဌာနကို ပြောပါတယ်။











