DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီးဟောင်း မြေးနှင့် တွေ့ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
November 26, 2015
ဗိုလ်ချုပ်မှူးကြီးဟောင်း မြေးနှင့် တွေ့ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မိသားစုဝင်တဦးနဲ့ လွန်ခဲ့တဲ့သီတင်းပတ်က တွေ့ဆုံခဲ့တယ်လို့ အာရ်အက်ဖ်အေ သတင်းဌာနကို ပြောကြားပါတယ်။

အပတ်စဉ်ထုတ်လွှင့်နေကြ ဒီမိုကရေစီခရီးကြမ်းနှင့် ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ မေးမြန်းချက်ကို “ဟုတ်ပါတယ်”လို့ ဖြေဆိုခဲ့တာဖြစ်ပြီး အသေးစိတ်တော့ ဖြေဆိုခြင်း မရှိပါဘူး။

နိုဝင်ဘာ ၁၉ ရက်နေ့ ညပိုင်းက နေပြည်တော်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွေှ့ရဲ့မြေး ဦးနေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်နဲ့ ၂ နာရီခန့် တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အတည်မပြုနိုင် ဖြစ်ခဲ့ပါတယ်။

အဲဒီညက ဦးနေရွှေ့သွေးအောင်က သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “ဒီနေ့ည...သမိုင်းတွင်မယ့်ညတစ်ည...” လို့ ရေးသားခဲ့တာကြောင့် စိတ်ဝင်စားမှုအရှိန် ပိုမိုမြင့်တက်ခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာရယူခဲ့တဲ့ အချိန်ကစလို့ စစ်ကောင်စီအဆင့်ဆင့်မှာ အဆင့်မြင့်ခေါင်းဆောင်ရာထူးကို ဆယ်စုနှစ် ၂ ခုခန့် ရယူခဲ့သူဖြစ်သလို လက်ရှိအစိုးရကိုပင် နောက်ကွယ်ကနေ ကြိုးကိုင်တဲ့ သြဇာရှိသူအဖြစ် နိုင်ငံရေး သုံးသပ်လေ့လာသူတွေက ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေးခံနေရသူ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကိုယ်တိုင် မဟုတ်ပေမယ့် မိသားစုဝင်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုဟာ မြန်မာ့နိုင်ငံရေးအတွက် ထူးခြားတဲ့ ခြေလှမ်းတခုဖြစ်မယ်လို့ အများက ယုံကြည်နေကြပါတယ်။

တွေ့ဆုံကြတဲ့ နှစ်ဘက်စလုံးကတော့ ဘာတွေပြောကြားခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြပါဘူး။

အဲဒီနေ့မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံခဲ့သလို နေ့ခင်းပိုင်းမှာ နိုင်ငံတကာသံတမန် ၄၀ ကျော်နဲ့  နေပြည်တော်မှာ တွေ့ဆုံပြီး မြန်မာ့အနာဂတ်နဲ့စပ်လျဉ်းပြီး ဆွေးနွေးခဲ့ပါတယ်။

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက နိုင်ငံတ၀န်း အပြတ်အသတ် အနိုင်ရပြီး ရက်ပိုင်းအကြာမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဖို့ စာရေး တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013