DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ် ၀န်ကြီးချုပ်ခရီးစဉ် လုံခြုံရေးတပ်ဖွဲ့ ဗုံးကွဲ၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ
DVB
·
November 26, 2015
ကချင်ပြည်နယ် ၀န်ကြီးချုပ်ခရီးစဉ် လုံခြုံရေးတပ်ဖွဲ့ ဗုံးကွဲ၊ ၁ ဦးသေ ၄ ဦးဒဏ်ရာရ
Donate to DVB

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ဖားကန့်မြို့နယ်ကိုသွားတဲ့ ခရီးစဉ်အတွက် လုံခြုံရေးယူပေးတဲ့တပ်ဖွဲ့ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားပြီး ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့က ၀န်ကြီးချုပ် လုံခြုံရေးယူပေးတဲ့ ခြေလျင်တပ်ရင်း ၁၀၂ က တပ်စိတ်တစိတ် လုံခြုံရေးဆောင်ရွက်စဉ် မတော်တဆ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ပြည်နယ်ရဲမှူး အောင်ဇော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“တပ်ကြပ်အောင်ဝင်းနဲ့ အဖွဲ့ဝင် တပ်စိတ်တစိတ်က လမ်းလုံခြုံရေးဆောင်ရွက်တာ။ အဲဒီမှာ အရပ်ကားတစီးလာတယ်ဗျာ။ အဲဒီကားကို လမ်းကြုံလိုက်စီးတာ။ ကားပေါ်တက်တဲ့ အချိန်မှာ တပ်သားမျိုးအောင်က သူက ရင်ဘတ်မှာ လက်ပစ်ဗုံးချိတ်ထားတာပေါ့။ ကားပေါ်တက်တဲ့အချိန် ကားက ကိုင်းနဲ့ငြိပြီးတော့ လက်ပစ်ဗုံးကကျပြီး ကွဲသွားတာ။ အဲဒီမှာ ၁ ယောက်သေတယ်။ ရဲဘော် ၄ ယောက်က ဒဏ်ရာရတာပေါ့။”

မနက် ၇ နာရီခွဲလောက်မှာ ကာမိုင်း-ဖားကန့်လမ်းပေါ်က နန်းယန်ကျေးရွာမှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်သားမျိုးအောင် သေဆုံးသွားကာ ဒု-တပ်ကြပ် ၁ ယောက်နဲ့ တပ်သား ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့လည်း ရဲမှူး အောင်ဇော်ဝင်းက ပြောပါတယ်။

ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိကို မေးမြန်းရာမှာတော့ “ကျနော်တို့ ခရီးစဉ်လမ်းကြောင်းမှာတော့ မဖြစ်ဘူး။ ဖြစ်တာက နန့်ယန်းမှာလို့တော့ ကြားတယ်။ ကျနော်တို့ မပြန်ခင် မနက်မှာ ဖြစ်တယ်လို့ သိရတယ်။ ကျနော်သိသလောက်က ၃ ယောက် ဒဏ်ရာရတယ်။ တယောက်သေတယ်။ ဒါပေမယ့် ကျနော်တို့က အသွားအပြန်ကော ချောချောမွေ့မွေ့ပဲ။” လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းနဲ့အဖွဲ့ဟာ နိုဝင်ဘာ ၂၅ ရက်နေ့က ဖားကန့်မြို့နယ် မြေစာပုံပြိုကျတဲ့နေရာကို သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ငွေကြေးထောက်ပံ့လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ်အစိုးရက သေဆုံးသူတဦးကို ကျပ် ၁ သိန်းနှုန်းနဲ့ ၁၁၄ သိန်း၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးက ၂ သိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အမည်သိသေဆုံးသူ ၈၃ ဦးအတွက် ၈၃ သိန်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက အမည်သိသေဆုံးသူ ၈၃ ဦးအတွက် ၈၃ သိန်း၊ ဖားကန့်မြို့နယ်က ဆန် ၁၁၄ အိတ်နဲ့ ဆီ ၂၂၈ ပိဿာ ၊ သတ္တုတွင်းဝန်ကြီးဌာနနဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက တဦးလျှင် ၃ သိန်းနှုန်းနဲ့ ၃၄၂ သိန်း ပေးခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013