DVB Logo
Home
သုံးသပျခကျြ
တိုင်းနှင့်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေးများ ဘာအတွက် ကျင်းပတာလဲ
DVB
·
July 8, 2011
တိုင်းနှင့်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေးများ ဘာအတွက် ကျင်းပတာလဲ
Donate to DVB

လွှတ်တော် အထူးအစည်းအဝေးတွေကို တိုင်းနဲ့ ပြည်နယ် အသီးသီးမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်က စပြီး ခေါ်ယူကျင်းပနေကြပါတယ်။ လောလောဆယ် တိုင်းနဲ့ ပြည်နယ် တချို့မှာ အစည်းအဝေး ကျင်းပပြီးစီးသွားပြီး ကျန် တိုင်းနဲ့ ပြည်နယ်တချို့မှာတော့ ကျင်းပနေဆဲ ဖြစ်ပါတယ်။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာတော့ ကျင်းပဖို့ ကျန်နေဆဲ ဖြစ်ပါတယ်။ ဒီလွှတ်တော်အထူးအစည်းအဝေးတွေကို ဘာအတွက် ကျင်းပနေတာလဲ၊ ဘာရည်ရွယ်ချက်တွေ ရှိသလဲဆိုတာ ဆွေးနွေးတင်ပြပါ့မယ်။

အစည်းအဝေးတွေ မကျင်းပခင်တုန်းက လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ဘယ်လို အစည်းအဝေးဖြစ်မယ်၊ ဘာအကြောင်းတွေ ဆွေးနွေးမယ်ဆိုတာ မယ်မယ်ရရ မသိကြပါဘူး။ သမ္မတက အကောင်အထည်ဖော်နေတဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကိစ္စတွေကိုပဲ ဆွေးနွေးမလား၊ ခုတလော လူပြောများနေတဲ့ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးအကြောင်းပဲ ဆွေးနွေးမလား၊ ပညာရေး အကြောင်းပဲ ဆွေးနွေးမလား သို့လောသို့လော ဖြစ်နေကြပါတယ်။ တကယ့်တကယ် အထူးအစည်းအဝေးတွေ ကျင်းပတဲ့အခါ သူတို့ထင်မြင်တာတွေ တခုမှမဟုတ်ကြောင်း သိလိုက်ရပါတယ်။ အဲဒါကတော့ သမ္မတရဲ့ ညွှန်ကြားချက်အရ တိုင်းနဲ့ ပြည်နယ်အဆင့် ၀န်ကြီးဌာန ဖွဲ့စည်းပုံတွေ ပြောင်းလဲအတည်ပြုတာ ဖြစ်ပါတယ်။

သမ္မတသစ် တာဝန်ယူပြီး ဖွဲ့စည်းပေးထားတဲ့ အရင်ဝန်ကြီးဌာန ဖွဲ့စည်းပုံတွေဟာ တိုင်းနဲ့ပြည်နယ် တခုနဲ့တခု မတူညီပါဘူး။ အဲဒီအချိန်ကတော့ လိုအပ်ချက်အရ မတူညီအောင် ဖွဲ့စည်းထားခဲ့တယ်လို့ပဲ ထင်ခဲ့ကြတာပါ။ အခုတော့ အဲဒီလိုမဟုတ်ဘဲ ၀န်ကြီးဌာန ၉ ခုစီ ပြန်လည်ဖွဲ့စည်းပြီး ပြည်နယ်နဲ့ တိုင်း အားလုံးနီးပါး တူညီအောင် လုပ်ခိုင်းတာဖြစ်ပါတယ်။ အားလုံးနီးပါးလို့ ပြောရတာက စစ်ကိုင်း တိုင်းဖွဲ့စည်းပုံမှာ သစ်တောနဲ့သတ္ထု ၀န်ကြီးဌာနအစား သစ်တော၊ သတ္ထုနဲ့ စွမ်းအင်ဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းထားတာမျိုး၊ ချင်းပြည်နယ်မှာ ၀န်ကြီးဌာန ၈ ခုပဲ ထားတာမျိုးတော့ ရှိပါတယ်။

လွှတ်တော် အထူးအစည်းအဝေး သွားတက်တဲ့ ကိုယ်စားလှယ်တွေဟာ အစည်းအဝေး ကို ရောက်၊ လွှတ်တော်ဥက္ကဋ္ဌကပြောတဲ့ အဲဒီဖွဲ့စည်းပုံအပြောင်းအလဲကို သဘောတူကြောင်း ထောက်ခံ ပြီး ၁၀ မိနစ်လောက်အကြာမှာ အစည်းအဝေးပြီးပါတယ်။ နောက်တရက်ကျတော့ သမ္မတက ညွှန်ကြားတဲ့ ၀န်ကြီးဌာန ၉ ခုမှာ အရင်ခန့်အပ်ထားတဲ့ ၀န်ကြီး ၉ ယောက်ကိုပဲ ပြန်တာဝန်ပေးတဲ့အကြောင်း အတည်ပြုခိုင်းပါတယ်။ တိုင်းနဲ့ ပြည်နယ် အများစုကတော့ အဲဒီနေ့မှာပဲ အစည်းအဝေးပြီး သွားပါတယ်။ ပြည်နယ်နှစ်ခုမှာပဲ ကေအိုင်အေကိစ္စနဲ့ ပတ်သက်တဲ့ အဆိုတခု ဆွေးနွေးဖို့ ဆက်ကျင်းပ ကြပါတယ်။

ဒီအတွက် ဆွေးနွေးဖို့ရှိလာတာက တာဝန်ယူထားတာ ၃ လ မကြာသေးခင် ဦးသိန်းစိန် အစိုးရဟာ ဘာကြောင့် ခုလို တိုင်းနဲ့ ပြည်နယ်အဆင့် ၀န်ကြီးဌာန ဖွဲ့စည်းပုံတွေကို ပြန်လည်ပြင်ဆင် ရသလဲဆိုတာပါ။ ဒီဝန်ကြီးဌာန ဖွဲ့စည်းပုံအသစ်တွေကို အသေအခြာ ပြန်ကြည့်ရင် ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားရေး၊ သာသနာရေး၊ ယဉ်ကျေးမ_၊ နိုင်ငံခြားရေး စတဲ့ဌာနတွေ ပြန်လည် မပါဝင်တော့တာ တွေ့ရမယ်ဖြစ်ပါတယ်။ ဒီဌာနတွေကို ဘာကြောင့်ဖြုတ်ထားလိုက်ရသလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။ အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ၂ လလုံး ရန်ကုန်တိုင်း အစိုးရအဖွဲ့ ၀န်ကြီးတွေဟာ ပြည်သူတွေရဲ့ တောင်းဆိုမ_အရ ပညာရေးနဲ့ ကျန်းမာရေးကိစ္စတွေကို တတ်နိုင်သမျှ ဆောင်ရွက်ခဲ့တာ တွေ့နိုင်ပါတယ်။ ကျောင်းအပ်ချိန်မှာ ငွေကြေးကောက်ခံမ_တွေ မလုပ်ဖို့ ညွှန်ကြား ချက်တွေ ထုတ်ပြန်ခဲ့သလို ရန်ကုန်က နာမည်ကြီးကျောင်းတွေရဲ့ ကျောင်းသားသစ်လက်ခံရေး ကိစ္စမှာလည်း ၀င်ရောက်စွက်ဖက် ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။

အလားတူ ကျန်းမာရေးနဲ့ ပတ်သက်ရင် ပုဂ္ဂလိက ဆေးရုံတွေကိစ္စ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖို့ ကြိုးပမ်းခဲ့သလို ပုဂ္ဂလိကဆေးရုံတွေက ရယူနေတဲ့ ဈေးနှုန်းလျှော့ချရေး ကိစ္စတွေကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် မြန်မာနိုင်ငံ ပညာရေး၊ ကျန်းမာရေးကဏ္ဍ တိုးတက်လာတာ မရှိသေးပေမယ့် ပြည်သူတွေရဲ့ လိုအင်ဆန္ဒ နည်းနည်းပါးပါး ဖြည့်စွမ်းပေးသလိုတော့ ဖြစ်ခဲ့ပါတယ်။ ဒီလိုလုပ်ရပ်တွေကို ဦးသိန်းစိန်အစိုးရက ကြိုက်ပုံမရပါဘူး။ ပြည်ထောင်စုအစိုးရအဖွဲ့ ထက်နိမ့်တဲ့ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေ ဒီလောက် တက်တက်ကြွကြွ အလုပ်လုပ်နေကြတာကို သိပ်မြင်လိုပုံမရပါဘူး။ ဒီအတွက်ပဲ ၀န်ကြီးဌာန ဖွဲ့စည်းပုံထဲကနေ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံခြား ရေးကိစ္စတွေကို ဖယ်ရှားထားလိုက်တာ ဖြစ်ပုံရပါတယ်။

ဒါကိုကြည့်ရင် ဦးသိန်းစိန်အစိုးရဟာ တည်ငြိမ်မှုမရှိတဲ့ အစိုးရလို့ သုံးသပ်နိုင်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ၀န်ကြီးဌာန သတ်မှတ်တာကို သမ္မတမှာ လုပ်ပိုင်ခွင့်ရှိတယ် ဆိုပေမယ့် ခုလို ၃ လမကြာခင်မှာပဲ ပြန်လည်ပြောင်းလဲဖွဲ့စည်းတဲ့ အနေအထားကတော့ အတော်လေးကို တည်ငြိမ်မှု မရှိဘူးလို့ သုံးသပ်လို့ရပါတယ်။

နောက်ထပ်ပြဿနာတခုက ချင်းပြည်နယ်အစိုးရအဖွဲ့ပါ။ ချင်းပြည်နယ်အစိုးရအဖွဲ့ကို နဂိုက ၀န်ကြီးဌာန ၉ ခု၊ ၀န်ကြီး ၉ ပါးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအထဲမှာပါတဲ့ ကြံ့ဖွံ့ဝန်ကြီးတပါးဟာ အသက် မပြည့်သေးသူဖြစ်တယ်လို့ ချင်းအမျိုးသားပါတီက ကန့်ကွက်တဲ့အခါ တခြားတယောက်ယောက်ကို တာဝန်ပေး ခန့်အပ်ခြင်းမပြုဘဲ အဲဒီဝန်ကြီးဌာနကိုပါ မဖွဲ့စည်းတော့ဘဲ ချန်လှပ်ထားခဲ့ပါတယ်။ ခုလို အထူးအစည်းအဝေးကျင်းပပြီး ၀န်ကြီးဌာနတွေ ပြန်လည်ဖွဲ့စည်းတဲ့အခါ ချင်းအမျိုးသားပါတီက တခြားတိုင်းနဲ့ ပြည်နယ်များနည်းတူ သူတို့ပြည်နယ်မှာလည်း ၀န်ကြီးဌာန ၉ ခု ထားဖို့၊ လစ်လပ်နေတဲ့ ၀န်ကြီးတဦးကို ကြံ့ဖွံ့ပါတီကပဲဖြစ်စေ တာဝန်ယူဖို့ တင်ပြခဲ့ပါတယ်။ ကယားပြည်နယ်လို သေးငယ်တဲ့ ပြည်နယ်မှာတောင် ၀န်ကြီးဌာန ၉ ခုထားတာမို့ သူတို့ပြည်နယ်မှာလည်း ၀န်ကြီးဌာန ၉ ခုထားဖို့ အကျိုးအကြောင်းနဲ့ တင်ပြခဲ့ပါတယ်။ ဒါပေမယ့် သမ္မတဦးသိန်းစိန် ကိုယ်တိုင်က လက်မခံခဲ့ပါဘူး။ ဒီအတွက် ချင်းပြည်နယ်ဟာ ထူးခြားပြီး ၀န်ကြီးဌာန ၈ ခုသာရှိတဲ့ ပြည်နယ် ဖြစ်ခဲ့ပါတယ်။ ဆိုလိုတဲ့ သဘောကတော့ ငါတို့လုပ်တာကို ကန့်ကွက်ချင်တဲ့လူတွေ သူများနဲ့မတူ အဲဒီအတိုင်းသာနေကြဆိုတဲ့ အငြိုးအတေး စိတ်ဓာတ်မျိုးနဲ့ လုပ်ခဲ့တာလို့ ယူဆနိုင်ပါတယ်။

ဒီလိုနဲ့ပဲ ပြည်နယ်နဲ့ တိုင်းအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တချို့ဟာ လွှတ်တော် အစည်းအဝေးမှာ အဆိုတွေတင်တာ၊ မေးခွန်းတွေမေးတာ ဆွေးနွေးတာ လုပ်ချင်ပေမယ့် လုပ်ခွင့်မရဘဲ နှစ်ရက်တာ မိနစ် ၂၀ လောက် ကျင်းပပြီး အစည်းအဝေးအများစု ပြီးဆုံးသွားပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် လွှတ်တော် ၂ ခုကသာ လက်ရှိ ကေအိုင်အေနဲ့ ပတ်သက်တဲ့ ပြဿ နာကို ဆွေးနွေးဖို့ အဆိုတင်ပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကတော့ လက်ရှိ ကေအိုင် အေရဲ့လုပ်ရပ်ကို ရှုတ်ချထားပြီး ပြဿနာတွေကို လွှတ်တော်နည်းနဲ့ပဲ ဖြေရှင်းရမယ်လို့ ဆိုထားပါ တယ်။

ခြုံပြီးပြောရရင် ကျင်းပပြီးစီးသွားခဲ့တဲ့ တိုင်းနဲ့ပြည်နယ် ၁၂ ခုက လွှတ်တော် အထူးစည်းဝေး တွေဟာ လက်ရှိ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေ တက်တက်ကြွကြွ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ဟန့်တားလိုက်တာဖြစ်ပြီး ဦးသိန်းစိန်အစိုးရရဲ့ မတည်ငြိမ်တဲ့ အနေအထားကို ဖော်ပြရာလည်း ရောက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013