DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ပေးရန် တောင်းဆို
DVB
·
November 25, 2015
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ပေးရန် တောင်းဆို
Donate to DVB

အမျိုးသမီးတွေအပေါ် နည်းလမ်းပေါင်းစုံနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ပေးဖို့ ဒီက​နေ့ နိုဝင်ဘာ၂၅ ရက်နေ့မှာ ကျ​ရောက်တဲ့​ ဖဲကြိုး​ဖြူနေ့ (​ခေါ်) နိုင်ငံတကာ အမျိုးသမီး​များ​ အ​ပေါ်အကြမ်း​ဖက်မှု ပ​ပျောက်​ရေး​နေ့မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ်ကြောင့် အမျိုးသမီးတွေရဲ့ဘ၀ လုံခြုံမှုမရှိဘဲ စိုးရိမ်ကြောင့်ကြစွာ နေ့စဉ်ကျော်ဖြတ်လာခဲ့ရတာရာစုဝက်ကျော်ရှိခဲ့ပြီး လတ်တလော ကချင်နဲ့ ရှမ်းဒေသတွေမှာ အစိုးရတပ်က ပြင်းထန်တဲ့ထိုးစစ်ဆင်နေတာဟာ အမျိုးသမီးတွေရဲ့ ဘ၀လုံခြုံရေးအတွက် ပိုပြီးစိုးရိမ်စရာ ဖြစ်နေတယ်လို့  အမျိုးသမီးများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် စစ်ဘေးဒဏ်ကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ထွက်ပြေးပုန်းရှောင်နေရပြီး အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့နေရသလို ကျန်းမာရေးစောင့်ရှောက်မှုတွေ လည်းမရရှိဘူးလို့ဆိုပါတယ်။

ဒါကြောင့် တက်လာမယ့် အစိုးရအပေါ် မျှော်လင့်ထားတယ်လို့လည်းအမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ မွန်းနေလီက ပြောပါတယ်။

“ကျမတို့ကတော့ မျှော်လင့်ချက် အများကြီးထားပါတယ်။ အခုတက်လာမယ့် အစိုးရသစ်ပေါ်မှာပေါ့နော်။ ခေါင်းဆောင်ကလည်း အမျိုးသမီးဖြစ်နေတဲ့အပေါ်မှာ အမျိုးသမီးတွေရဲ့ ခံစားချက်တွေကို နားလည်ပေးပြီးတော့ ဒီအမျိုးသမီးတွေ ခံစားနေရတဲ့ အကြမ်းဖက်မှု အထူးသဖြင့် ဒီတိုင်းရင်းသားဒေသမှာ ဆိုးဆိုးဝါးဝါး ဖြစ်ပျက်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ တခြားအကြမ်းဖက်မှုဆိုင်ရာ ကိစ္စတွေကို ပပျောက်သွားနိုင်အောင် တစုံတရာ လုပ်ဆောင်ပေးမယ်လို့ ကျမတို့ အထူးမျှော်လင့်ပါတယ်။”

အမျိုးသမီးများပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်  အခမ်းအနားတွေကို ရန်ကုန်၊ တောင်ကြီး၊ စစ်တွေ၊ ထားဝယ်၊ တမူး အစရှိတဲ့ မြို့တွေမှာလည်း ကျင်းပခဲ့ကြပါ။

တနင်္သာရီတိုင်း ထားဝယ်မြို့ ဇမ္ဗူရစ်ခန်းမမှာ ကျင်းပတဲ့ ဒီအခမ်းအနားနဲ့ပတ်သက်ပြီး  အမျိုးသမီးများအဖွဲ့ချုပ်က မယ်စုစုဆွေက“ဖဲကြိုးဖြူတွေတပ်ဆင်တဲ့ အဓိပ္ပာယ်ကတော့ ကိုယ်ကိုယ်တိုင်ကလည်း အကြမ်းမဖက်ပါဘူး။ သူများကိုလည်း အကြမ်းဖက်ဖို့ကို အားမပေးဘူး။ သူများအကြမ်းဖက်တာ တွေ့နေရင်လည်း ရေငုံနှုတ်ပိတ်မနေပါဘူးဆိုတဲ့ ကတိက၀တ်ပေးတဲ့ အနေနဲ့ပေါ့နော် ဒီကနေ့ကနေစပြီး ဒီဇင်ဘာ ၁၀ ရက်နေ့အထိ ကျမတို့က ၁၆ ရက်တာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေးနဲ့ လိင်ကိုအခြေပြုတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စကားဝိုင်းတွေလုပ်ဆောင်တာ၊ ဆိုင်းဘုတ်ထောင်ပြီး အသိပညာပေးတဲ့ အနေအထားစတဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်တာဖြစ်တယ်။”လို့ပြောပါတယ်။

ရန်ကုန် မင်္ဂလာဒုံမြို့နယ်မှာ အမျိုးသမီး​တွေက လူစည်ကား​ရာ ​နေရာ​တွေမှာ ငြိမ်း​ချမ်း​ရေး ​တည်​ဆောက်ကြပါစို့ဆိုတဲ့​ ပိုစတာနဲ့ နိုင်ငံ​ရေး​အကျဉ်း​သား​လွှတ်​ရေး​ စတစ်ကာ​တွေ လိုက်လံဖြန့်ဝေခဲ့​တယ်လို့ ဖြန့်ဝေသူတဦး​ဖြစ်တဲ့​ မချိုချိုက ​ပြောပါတယ်။

“ပို့စ်ကတ်ဆိုတာ တခုက ၂၁ ပင်လုံ​ပေါ့​နော်။ ငြိမ်း​ချမ်း​ရေး​ တည်​ဆောက်ကြပါစို့ ဆိုတာ​လေ။ တိုင်း​ရင်း​သား​တွေ လက်တွဲထား​တဲ့​ပုံ ​ဝေတယ်။ ​နောက်တခုက နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​မှသည် ပြည်သူတရပ်လုံး​ လွတ်​မြောက်​ရေး​ဆီသို့ ဆိုတဲ့​ စတစ်ကာ​တွေ ကပ်တယ်။ ကျမတို့ လူစည်ကား​တဲ့​နေရာနဲ့ အဓိကက ​ကျောင်း​တွေကို ဦး​စား​ပေး​ပြီး​တော့​ ​ဝေတာ​လေ။”

မင်္ဂလာဒုံမြို့နယ်မှာ ပြုလုပ်တဲ့​ ​ဆွေး​နွေး​ပွဲ​တွေမှာ စစ်သား​တွေရဲ့ ဇနီး​သည်​တွေလည်း​ ပါဝင်​ဆွေး​နွေး​ကြတယ်လို့ မချိုချိုက ​ပြောပါတယ်။

သန်လျင်မြို့နယ်မှာလည်း​ ပိုစတာနဲ့ ဖဲကြိုး​ဖြူ ဖြန့်ဝေကာ စကား​ဝိုင်း​တွေ ပြုလုပ်ခဲ့​ကြတယ်လို့ ဦး​ဆောင်လှုပ်ရှား​သူ မဝင်း​ဝင်း​မူက ​ပြောပါတယ်။

“ပြည်သူလူထု​တွေ ငြိမ်း​ချမ်း​ဖို့ဆိုတာက ပြည်သူလူထုထဲမှာလည်း​ အမျိုးသမီး​တွေက အများ​စုဖြစ်တယ်​လေ။ စစ်ဖြစ်​နေတဲ့​ ​ဒေသအတွင်း​က အိုး​အိမ်စွန့်ခွာ တိမ်း​ရှောင်​နေရတဲ့​ အမျိုး​သမီး​တွေရဲ့ဘဝ။ ​နောက် လိင်ပိုင်း​ဆိုင်ရာ အကြမ်း​ဖက်မှု​တွေ ဆိုး​ဆိုး​ရွား​ရွား​ ခံ​နေရတဲ့​ တိုင်း​ရင်း​သူ အမျိုးသမီး​တွေ၊​ ​နောက် မြန်မာပြည်တွင်း​ထဲမှာ ကျန်း​မာ​ရေး​​စောင့်​ရှောက်ခွင့်​၊​ ပညာသင်ခွင့်​၊​ ဥပ​ဒေရဲ့ ကာကွယ်​စောင့်​ရှောက်မှု​တွေ မရရှိတဲ့​ အမျိုးသမီး​တွေအား​လုံး​ အဆင်​ပြေသွား​စေဖို့၊​ ငြိမ်း​ချမ်း​သွား​စေဖို့အတွက် ဖဲကြိုး​ဖြူတွေ ကျမတို့ ​ဝေငှပြီး​တော့​ ဆု​တောင်း​ပွဲလည်း​ လုပ်ကြတာပါ။”

အလား​တူ ဧရာဝတီတိုင်း​၊​ ကချင်ပြည်နယ်၊ မွန်ပြည်နယ်မှာလည်း​ အလား​တူ လှုပ်ရှား​ဆွေး​နွေး​မှု​တွေ ပြုလုပ်ခဲ့​ကြတယ်လို့ သိရပါတယ်။

ဖဲကြိုးဖြူနေ့ အထိမ်း​အမှတ် လှုပ်ရှား​မှု​တွေကို အရင်နှစ်​တွေကလည်း​ မြန်မာပြည်တွင်း​မှာ ပြုလုပ်ခဲ့​ပေမယ့်​ ကျယ်ကျယ်ပြန့်ပြန့် လုပ်​ဆောင်နိုင်ခြင်း ​မရှိပါဘူး​။ဒီနှစ်မှာ​တော့​ ပိုပြီး ​လွတ်လပ်​ပေါ်လွင်​အောင် လှုပ်ရှား​လို့ရတယ်လို့ အမျိုးသမီး​အခွင့်​အ​ရေး ​လှုပ်ရှား​သူ​တွေက ဆိုပါတယ်။

၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့က ကျင်းပခဲ့တဲ့ ၅၄ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ၈၃ ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အမှတ် ၅၃/၁၃၄ အရ နိုဝင်ဘာလ ၂၅ ရက်နေ့ကို “နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့အဖြစ်” ဆုံးဖြတ်ချက်ချ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013