DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ခေါင်းဆောင်များကို ထောင်ချခဲ့မှု ၀မ်းနည်းကြောင်း ပြောစရာမရှိဟု ကာချုပ်ဆို
DVB
·
November 25, 2015
အန်အယ်လ်ဒီ ခေါင်းဆောင်များကို ထောင်ချခဲ့မှု ၀မ်းနည်းကြောင်း ပြောစရာမရှိဟု ကာချုပ်ဆို
Donate to DVB

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီခေါင်းဆောင်တွေကို စစ်အစိုးရလက်ထက်က နှစ်ရှည် ထောင်သွင်းအကျဉ်းချခဲ့တဲ့အပေါ် ၀မ်းနည်းကြောင်း ပြောစရာမရှိဘူးလို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

အမေရိကန်အခြေစိုက် ဝါရှင်တန်ပို့စ်သတင်းစာရဲ့ အကြီးတန်းအယ်ဒီတာ မစ္စ လယ်လီဝေးမောက်က မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ သီးသန့် တွေ့ဆုံမေးမြန်းစဉ်ပြောကြားလိုက်တာပါ။

ပြီးခဲ့တဲ့ကာလတုန်းက တပ်မတော်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အန်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို ထောင်ချခဲ့လို့ ဒုက္ခခံစားခဲ့ရတာတွေနဲ့ ပတ်သက်လို့ ၀မ်းနည်း စိတ်မကောင်းကြောင်းပြောဖို့ အစီအစဉ် ရှိပါသလားလို့ မေးမြန်းချက်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ဒီလိုတော့ ပြောစရာအကြောင်းတော့ မရှိဘူးထင်တယ်။ ဒါဟိုဘက်က နိုင်ငံရေး အခြေအနေနဲ့ လုပ်ခဲ့တဲ့ နိုင်ငံရေးစနစ်တုန်းက အခြေအနေအရ လုပ်ခဲ့တာတွေပဲဖြစ်တယ်။ ဒါကတော့ တကဏ္ဍဖြစ်ပါတယ်။  ကျနော်နဲ့တော့ ဘာမှမဆိုင်ဘူး” လို့ ဖြေကြားသွားပါတယ်။

ဒါ့အပြင် ဖြစ်ပြီးတဲ့ကိစ္စတွေအတွက် လက်စားချေတာမျိုး လုံးဝလုပ်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာရှိကြောင်း၊ ဒါကိုသေချာအောင် ကိုယ့်ရဲ့တပ်တွေ လွတ်ငြိမ်းချမ်းသာခွင့် ရဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတဲ့အခါမှာ အာမခံချက်တောင်းဖို့ ရှိပါသလားလို့ ၀ါရှင်တန်ပို့စ်ရဲ့ မေးမြန်းချက်ကိုတော့ စိတ်ပူစရာ မရှိကြောင်း ဖြေကြားသွားပါတယ်။

“ကျနော်တို့ ဘာမှစိတ်ပူတာမျိုးမရှိပါဘူး။ ကျနော် ဘာမှ စိတ်ပူပင်မှု မရှိပါဘူး။  သူတို့ဘက်က ဘာမှမပြောရင် ကျနော်တို့ဘက်ကလည်း ဘာမှ ပြောစရာလည်း အကြောင်းမရှိဘူး။ ကျနော်တို့ တပ်မတော်မှာ သူ့စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ရပါတယ်၊ လုပ်တဲ့အခါကျတော့ ဒီစည်းမျဉ်းစည်းကမ်းကို ကျော်လွန်သွားလို့ သူတို့ဘက်က နစ်နာတယ်လို့ ယူဆလို့ရှိရင်လည်း သူတို့ ဥပဒေကြောင်းအရ ပြောလို့ရပါတယ်။ ကျနော်တို့လည်း ပြန်ရှင်းပြရုံပဲ။”

ရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး အခြေခံပြီး တွေ့ဆုံဆွေးနွေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကိုတော့ လာမယ့် ဒီဇင်ဘာလမှာ တွေ့ဆုံဆွေးနွေးမယ်လို့ တပ်မတော် အကြီးအကဲက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ယခင် စစ်အစိုးရ လက်ထက်က ထောင်သွင်းအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားပေါင်း ၁၀၀ ကျော်လောက် လွှတ်တော်အမတ်တွေအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013