DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်တွင်း တိုက်ပွဲရပ်ဆိုင်းရေး ဆောင်ရွက်ရန် မူအရ သဘောတူညီ
DVB
·
November 25, 2015
ရှမ်းပြည်နယ်တွင်း တိုက်ပွဲရပ်ဆိုင်းရေး ဆောင်ရွက်ရန် မူအရ သဘောတူညီ
1 / 3
Donate to DVB

ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို လျှော့ချရပ်ဆိုင်းရေး ဦးတည်ဆောင်ရွက်ကြဖို့ အစိုးရနဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ထိပ်တန်း တာဝန်ရှိသူတွေအကြား မူအားဖြင့် သဘောတူညီချက် ရရှိခဲ့ကြပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စ၀်ခေးတိုင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးဌာနမှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ သဘောတူခဲ့ကြတာပါ။

ဒီဗွီဘီက လက်ခံရရှိခဲ့တဲ့ နှစ်ဘက်ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးထားတဲ့ မှတ်တမ်းမှာ  နိုဝင်ဘာ ၂၃ ရက်ကနေ ၂၄ ရက်ထိ ၂ ရက်တာ ဆွေးနွေးပြီး အချက် ၅ ချက်ကို မူအားဖြင့် သဘောတူခဲ့ကြပြီး သက်ဆိုင်ရာ အဖွဲ့စည်းတွေကို ၅ ရက်အတွင်း တင်ပြကြဖို့ ဖြစ်ပါတယ်။

အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ တပ်ဖွဲ့ဝင်တွေအနေနဲ့ မိုင်းနောင်-မိုင်းရှူး ကားလမ်းမြောက်ဘက်ခြမ်းမှာ ရွှေ့ပြောင်းနေထိုင်ရန်နဲ့ မိုင်းနောင်-မိုင်းရှူးကားလမ်း တောင်ဘက်ခြမ်းရှိ ထိပ်တိုက်ရင်ဆိုင်နေတဲ့ တပ်မတော်စစ်ကြောင်းတွေကိုလည်း ရွှေ့ပြောင်းနေရာချထားဖို့ သဘောတူခဲ့ကြပါတယ်။

နှစ်ဘက်အကြား ၂၀၁၂ ခုနှစ်ဆန်းက တောင်းကြီးမြို့မှာ လက်မှတ်ထိုးခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူစာချုပ်ပါ ဆက်လက်ဆောင်ရွက်ရမှာတွေကိုလည်း နှစ်ဘက်ညှိနှိုင်း အကောင်အထည်ဖော်ဖို့၊ တိုက်ပွဲတွေကြောင့် ယာယီပိတ်ထားတဲ့ကျောင်း ၁၇ ကျောင်းပြန်ဖွင့်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ စစ်ဘေးရှောင်သူတွေ နေရပ်ပြန်လည် နေထိုင်နိုင်ရေး ပူးပေါင်းဆောင်ရွက် ကူညီကြဖို့တွေကိုလည်း သဘောတူခဲ့ကြပါတယ်။

ယူပီဒဗလျူစီ ကိုယ်စားလှယ်အဖွဲ့မှာ ယူပီဒဗလျူစီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်း၊ ယူပီဒဗလျူစီ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်၊ ယူပီဒဗလျူစီ အဖွဲ့ဝင် ဦးခင်မောင်စိုး၊ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးတို့ ပါဝင်ပါတယ်။

အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ (ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်) ကိုယ်စားလှယ်အဖွဲ့မှာ ဒုတိယဥက္ကဋ္ဌ စ၀်ခေးတိုင်း၊ အတွင်းရေးမှူး စ၀်ခမ်းသီ၊ အတွင်းရေးမှူး စ၀်ကျော်လှ၊ ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ စ၀်ခေးမောဝ်၊ စ၀်ဆု၊ စ၀်နော်လိတ်တို့ ပါဝင်ပါတယ်။

ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ကိုယ်စားလှယ် အဖွဲ့ဝင်တွေကိုရော အဖွဲ့ပြောခွင့်ရသူတွေကိုပါ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။

ဆွေးနွေးရာမှာပါဝင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ညွန်ကြားရေးမှူး ဦးမင်းဇော်ဦးကတော့ ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ပြောဆိုခွင့်မရှိဘူးလို့ ဖြေကြားပါတယ်။

“ကျနော်တို့ အမ်ပီစီ (မြန်မာငြိမ်းချမ်းရေးစင်တာ) ကို တရားဝင် ရောက်လာတာ မရှိသေးဘူး။ တရားဝင်ရောက်လာမှ ကျနော်တို့က ပြောပြလို့ရမှာလေ။ ကျနော်တို့ဆီကို တရားဝင် ရောက်လာတာ မရှိတော့ အက်စ်အက်စ်အေ/အက်စ်အက်စ်ပီပီကို မေးလိုက်ပါ” လို့ ဖြေပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဟာ အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် သဘောတူလက်မှတ် ရေးထိုးထားပေမယ့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှာတော့ လက်မှတ်ထိုးခြင်း မရှိသေးပါဘူး။

အစိုးရတပ်တွေနဲ့ လွန်ခဲ့တဲ့ အောက်တိုဘာလဆန်းကနေ လွန်ခဲ့တဲ့ရက်ပိုင်းအထိ  တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်ဒုက္ခသည်ပေါင်း ၁ သောင်းကျော် ထွက်ပြေးနေကြရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013