DVB Logo
Home
မြန်မာသတင်း
ပြည်သူချစ်သော သတင်းစာဆရာ လူထုဒေါ်အမာ ရာပြည့်ပွဲ ၄ ရက်ကြာ ကျင်းပမည်
DVB
·
November 24, 2015
ပြည်သူချစ်သော သတင်းစာဆရာ လူထုဒေါ်အမာ ရာပြည့်ပွဲ ၄ ရက်ကြာ ကျင်းပမည်
Donate to DVB

ပြည်သူလူထုနဲ့ အမှန်တရားဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့တဲ့  သတင်းစာဆရာ၊ စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ မွေးနေ့ နှစ် ၁၀၀ ပြည့် ရာပြည့်ပွဲတော်ကို မန္တလေးမြို့  ချမ်းအေးသာဇံမြို့နယ် ဓမ္မသာလခန်းမမှာ နိုဝင်ဘာ ၂၆ ရက်မှ ၂၉ ရက်ထိ ၄ ရက်ကြာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ရာပြည့်ပွဲတော်မှာ လူထုဒေါ်အမာနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံ၊ စာအုပ်နဲ့ လက်ရေးမူပြပွဲနဲ့ အထိမ်းအမှတ်ပစ္စည်း ဈေးရောင်းပွဲတော်တွေ ပါဝင်မယ်လို့ လူထုဒေါ်အမာရဲ့ သားဖြစ်သူ စာရေးဆရာ ညီပုလေးက ဒီဗွီဘီကို ပြောပါတယ်။

“အမေက အသက် ၇၀ ပြည့်ကတည်းက မွေးနေ့ နှစ်တိုင်းလုပ်ခဲ့တာဗျ။ အဖေမရှိတဲ့နောက်လေ၊ ဒီနှစ်ကတော့ ရာပြည့်လည်းဖြစ်လို့ နည်းနည်း ပိုပြီး သိုက်သိုက်ဝန်းဝန်းနဲ့ အမှတ်တရဖြစ်အောင်လုပ်တာပါ၊ နောက် စာအုပ်လည်း ထုတ်ပါမယ်။ မိတ်ဆွေတွေ၊ ရေးဖော်တွေ ၁၀၀ ၀ိုင်းရေးခဲ့တဲ့ ဆောင်းပါး ၁၀၀ လည်းထုတ်မယ်၊ ကဗျာလည်း သီးသန့်ထုတ်မယ်။”

အထိမ်းအမှတ်ပွဲမှာ ထင်ရှားတဲ့ စာရေးဆရာတွေဖြစ်တဲ့ ကဗျာဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)၊ ထက်မြက်၊ ကျော်ရင်မြင့်၊ ဆူးငှက်၊ အောင်မြင့်ဦး၊ ခင်နှင်းဦး၊ နေယု၊ ညီစေမင်း၊ ကြည်နိုင်၊ စိုးသူကျော် စသူတွေက ဟောပြောပွဲနဲ့ စာတမ်းဖတ်ပွဲတွေ ကျင်းပသွားဖို့ ရှိပါတယ်။

စာရေးဆရာ ဆူးငှက်ကတော့ လူထုဒေါ်အမာ ရေးသားခဲ့တဲ့ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ပါ အနုပညာရှင်ကြီး ၈ ဦးရဲ့အကြောင်း သရုပ်ပြ ပါဖောင်းမန့် တင်ဆက်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“ဒေါ်ဒေါ်ရေးခဲ့တဲ့အထဲက အကျဉ်းချုပ် အဓိက အချက်အလက်တွေကို ပြောပြီးတော့ အဲဒီ အနုပညာရှင်ကြီးတွေရဲ့ အနုပညာပေါ့ဗျာ။ သီချင်းတွေ၊ အတီးတွေ၊ အဆိုတွေ၊ တဦးချင်းဆီ ပါဖောင်းမန့် တင်ဆက်မှာ။ လူထုဒေါ်အမာဟာ ပြည်သူလူထုဘက်က တလျှောက်လုံး မားမားမတ်မတ် ရပ်တည်ပြီးတော့ ကိုယ်ပိုင်ဖြစ်တဲ့ လူထုသတင်းစာကလည်း မြန်မာ့သတင်းစာသမိုင်းမှာ အထင်ကရ ဖြစ်ခဲ့တယ်။ သူရေးခဲ့တဲ့ နိုင်ငံရေးသတင်း သုံးသပ်ချက်၊ ဆောင်းပါးမျိုးတွေကလည်း အင်မတန် ထင်ရှားတယ်၊ စာရေးဆရာအနေနဲ့လည်း ဘာသာပြန်တွေ၊ ပင်ကိုယ်ရေးတွေ ထင်ရှားတယ်။ ဒီအထဲမှာမှ အနုပညာနဲ့ ယဉ်ကျေးမှု ပတ်သက်ပြီး ရေးသားခဲ့တဲ့ ပြည်သူချစ်သော အနုပညာသည်များ ဆိုတဲ့စာအုပ်က လူထုဒေါ်အမာနဲ့ ခွဲမရပါဘူး၊ ခေါင်းနဲ့ပန်းလိုပဲ။ လူထုဒေါ်အမာရဲ့ နှစ် ၁၀၀ ပြည့်မှာ အမှတ်တရအနေနဲ့ ကျနော်က ပြည်သူချစ်သော အနုပညာသည်များကို ပြန်ပြီးတော့ တမ်းတမိတဲ့သဘောပါ။”

ဒေါ်အမာရဲ့မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၉ ရက် မနက် ၉ နာရီလောက်မှာတော့  ဦးပိန်တံတားအနီးရှိ အမရပူရ တောင်လေးလုံးကျောင်းတိုက်မှာ အမှတ်တရ အခမ်းအနားနဲ့ ဆရာတော်၊ သံဃာတော်တွေကို ဆွမ်းကပ်လှူဒါန်းဖို့ အစီအစဉ်ရှိပါတယ်။

လူထုဒေါ်အမာဟာ ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့က မန္တလေးမြို့နေအိမ်မှာ နှလုံးရောဂါနဲ့  ကွယ်လွန်သွားတဲ့တာဖြစ်ပြီး မကွယ်လွန်ခင်ကတော့ လူထုဒေါ်အမာကို ချစ်မြတ်နိုးကြတဲ့ မြန်မာပြည်အနှံ့က စာပေပညာရှင်တွေနဲ့ စာဖတ်ပရိသတ်တွေက မွေးနေ့ရောက်တိုင်း အမရပူရ တောင်လေးလုံးကျောင်းတိုက်မှာ စုဝေးပြီး ကဗျာရွတ်ဆိုပွဲတွေနဲ့ စာပေဆွေးနွေးပွဲတွေ ကျင်းပလေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013