
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းရွာကို စစ်အာဏာရှင်တပ်က ဇွန် ၁၅ ရက် ည ၈ နာရီ ကျော်မှာ အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ရင်တပါးနဲ့ ပြည်သူ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သက္ကယ်ကျင်းရွာကို မုံရွာ နမခမှ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်းနဲ့ ဗုံးကြဲခဲ့တာလို့ စစ်ဘေးရှောင် ပြည်သူတယောက်က ပြောပါတယ်။
“စစ်ဘေးရှောင်တွေနေတဲ့ ဘုန်းတော်ကြီးကျောင်းကို ကြဲချသွားတာ။ ကျောင်းပေါ်တည့်တည့်တော့ မကျဘူး။ ကျောင်းဘေးကို ကျတာ။ အဲလိုကျပြီး အသက် ၁၇ နှစ်အရွယ် သံဃာတပါးနဲ့ အသက် ၅၀ ကျော်အရွယ် စစ်ဘေးရှောင်အမျိုးသား ၂ ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တာ။”
ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “အိမ်ပြန်မဆောက်နိုင်တဲ့သူတွေက ဘုန်းတော်ကြီးကျောင်းမှာ ဖြစ်သလို နေထိုင်နေကြတာကို အခုလို သပ်သပ်ကြီး ဗုံးသီးကြဲချတိုက်ခိုက်သွားတာ။ လာတာက ဒရုန်းက ၂ စီးဗျ။ ဗုံးသီးကတော့ တလုံးထဲ ချသွားတာ။ ကျောင်းဘေးကိုကျလို့ ကံကောင်းသွားတယ်လို့ ပြောရမယ်။ ကျောင်းပေါ်သာ တည့်တည့်ကျမယ်ဆိုရင် စစ်ဘေးရှောင် အများအပြား ထိခိုက်နိုင်တယ်။ ဘာ PDFမှ မရှိဘူး။ ရွာကို စစ်တပ်က မီးရှို့သွားလို့ အိမ်ပြန်မဆောက်နိုင်သူအများစု နေကြတာပါဗျာ” လို့ ပြောပါတယ်။
သက္ကယ်ကျင်းရွာကို စစ်ကောင်စီတပ်က ၂၀၂၄ ခု မတ် ၁၄ ရက်ကလည်း စစ်ကြောင်းထိုး မီးရှို့တာ ခဲ့တာကြောင့် နေအိမ် ၅၀၀ ထက်မနည်း မီးလောင်းဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်က အခုဇွန်လအတွင်း မုံရွာမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု အများအပြား ပိုမိုလုပ်ဆောင်လာသလို လက်နက်ကြီးတွေနဲ့လည်း ညတိုင်းလိုလို ပစ်ခတ်နေတယ်လို့ သိရပါတယ်။










