
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း ကလေးငယ်တယောက်နဲ့ ဂါဇာကျန်းမာရေးဌာန အကြီးအကဲရဲ့ သားဖြစ်သူတို့ အပါအဝင် ပါလက်စတိုင်း ၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အယ်လ်ဂျာဇီးယား သတင်းဌာနက စက်တင်ဘာ ၁၉ ရက်မှာ ဖော်ပြပါတယ်။
အစ္စရေးရဲ့ စနေနေ့က တိုက်ခိုက်မှုတွေကြောင့် လူ ၃ ယောက် သေဆုံးခဲ့ပြီး၊ သောကြာနေ့က တိုက်ခိုက်မှုမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် နောက်ထပ်တယောက် သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အယ်လ်ဂျားဇီးယား သတင်းဌာနက ပြောပါတယ်။
ရှိတ်ခ်ရဒ်ဝမ်ဒေသမှာ လုပ်တဲ့ တိုက်ခိုက်မှုဟာ ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ဝင်တယောက်ကို ပစ်မှတ်ထားခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ယာဉ်က လုံးဝပျက်စီးသွားခဲ့ပြီး အပိုင်းပိုင်း ဖြစ်သွားခဲ့တာပါ။
၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတဲ့ ပဋိပက္ခကြောင့် ဂါဇာဒေသမှာ လူပေါင်း ၇၃,၀၀၀ ကျော် သေဆုံးခဲ့ပြီးပြီလို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ မနှစ်က သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးမှာ ဂါဇာဒေသကို ပြန်လည်တည်ဆောက်ရေးကိစ္စ ပါပေမဲ့ ဟားမတ်စ်အဖွဲ့ လက်နက်စွန့်လွှတ်ရေးနဲ့ အစ္စရေးတပ်တွေ ပြန်ရုပ်သိမ်းရေးဆိုင်ရာ စည်းကမ်းချက်တွေကို ညှိနှိုင်းသူတွေက သဘောမတူခဲ့ကြလို့ တိုးတက်မှု နည်းနည်းသာ ရှိခဲ့ပါတယ်။











