DVB Logo
Home
Lead Story
ရိုမေးနီးယား ပြည်သူလူထုရဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ အောင်ပွဲ
DVB
·
November 23, 2015
ရိုမေးနီးယား ပြည်သူလူထုရဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ အောင်ပွဲ
Donate to DVB

အကျင့်ပျက် ခြစားမှုနဲ့ နာမည်ပျက်နေတဲ့ ရိုမေးနီးယားသမ္မတ ဗစ်တာ ပွန်တာတယောက်ကတော့ အောက်တိုဘာ ၃၀ ရက်နေ့က မြို့တော်ဘူခါရက်က လူပေါင်း ၃၂ ယောက် သေဆုံးခဲ့ရတဲ့ ကော်လက်တစ် ညကလပ်မီးလောင်မှုဖြစ်အပြီး မြို့တော်နေ ပြည်သူလူထု ၃၀၀၀၀ လောက်က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြ၊ ၀န်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့အတွက် ပြီးခဲ့တဲ့ အင်္ဂါနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ သူ နုတ်ထွက်ပေးပါတော့မယ်လို့ ပြည်သူလူထုကို ကြေညာပြီး ၀န်ကြီးချုပ်အဖြစ်က နုတ်ထွက်ပေးလိုက်ပါပြီ။

ပြည်သူလူထုက သူနဲ့ သူ့အစိုးရအဖွဲ့ရဲ့ အကျင့်ပျက် လာဘ်ပေးလာဘ်ယူမှုတွေကြောင့် တာဝန်ပျက်ကွက် လစ်ဟင်းမှုတွေ နိုင်ငံနဲ့အ၀ှမ်း ဖြစ်နေခဲ့တာ ကြာပြီမို့ ဒီလို အကျင့်ပျက် ခြစားနေတဲ့ ၀န်ကြီးချုပ်ကို နုတ်ထွက်ခိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၀န်ကြီးချုပ် ပွန်တာ တယောက်တည်း မဟုတ်ဘဲ ပြည်ထဲရေးဝန်ကြီး ဂါဘရီရဲလ် အော့ပရာနဲ့ ညကလပ်တည်ရှိရာ ဘူခါရက်မြို့တော်ဝန်တို့ကိုပါ နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

တကယ်တော့ ရိုမေးနီးယားမှာ အစိုးရအဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်းရဲ့ အကျင့်ပျက် ခြစား တာဝန်ပျက်ကွက်မှုတွေအပေါ် ဖြစ်ပေါ်နေတဲ့ လူထုရဲ့ မကျေမနပ်ဖြစ်မှုတွေ၊ ဒေါသတွေကို သောကြာနေ့ညမှာဖြစ်ခဲ့တဲ့ ကော်လက်တစ်  ညကလပ်မီးလောင် လူသေဆုံးခဲ့ရမှုတွေ ထပ်ပြီး မီးလောင်ရာလေပင့် ဖြစ်ခဲ့ရတာပါ။ ဆန္ဒပြလူထုက “မရှက်ဘူးလား”  “လူသတ်သမားတွေ” စတဲ့ ကြွေးကြော်သံတွေတိုင်ပြီး အစိုးရအဖွဲ့ကို ဆင်းပေးဖို့ တောင်းဆိုတာကို ခံခဲ့ရတာပါ။

ဝန်ကြီးချုပ်ပွန်တာက သူနုတ်ထွက်ပေးမှာမို့ သမ္မတ ကလောက်စ် အီယို ဟာနစ်ကို နောက်အစိုးရအဖွဲ့တရပ်ဖွဲ့ပေးဖို့ ပြောကြားခဲ့ပြီးဖြစ်လို့ သမ္မတအနေနဲ့ နောက်အစိုးရအဖွဲ့သစ် တခုကို ဖွဲ့စည်းပေးဖို့ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးမှုတွေ မလုပ်ရသေးခင်မှာ တာဝန်ယူပေးမယ့် ကြားဖြတ်ဝန်ကြီးချုပ်တယောက်ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ နုတ်ထွက်ပေးရတော့မယ့် ၀န်ကြီးချုပ် ပွန်တာကတော့ ကြားဖြတ်ဝန်ကြီးချုပ်က တာဝန်စယူမယ့်အထိ ၀န်ကြီးချုပ်တာဝန်ကို ဆက်ယူထားရဦးမှာ ဖြစ်ပါတယ်။

သမ္မတ ကလောက်စ်က ပြီးခဲ့တဲ့ ဇွန်လကစပြီး အကျင့်ပျက် လာဘ်ပေးလာဘ်ယူမှု သတင်းတွေ စထွက်လာတဲ့ အချိန်ကတည်းက ၀န်ကြီးချုပ် ပွန်တာကို နုတ်ထွက်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး နုတ်ထွက်ပေးမှုတွေ လုပ်လာရင် ရိုမေးနီးယားနိုင်ငံရေးမှာ အပြောင်းအလဲတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။ အင်္ဂါနေ့ လူထုဆန့်ကျင်ဆန္ဒပြမှုတွေကို သူက ချီးကျူးပြောဆိုခဲ့ပြီး ဒီ ညကလပ်မီးလောင်မှုဟာ လူထုရဲ့စိတ်ကို အများကြီး ထိခိုက်သွားစေခဲ့တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီ ရော့ခ်တီးဝိုင်းတခုက နှုတ်ဆက်ဖျော်ဖြေတဲ့ပွဲရဲ့ မီးရှူးမီးပန်း ထွန်းညှိတာကနေ မီးလောင်မှုဖြစ်ပြီး အထူးသဖြင့် လူငယ် ၃၂ ယောက် သေဆုံးခဲ့ရမှုကနေ ငယ်ရွယ်နုပျိုဆဲ ၀န်ကြီးချုပ်နဲ့ သူ့အစိုးရအဖွဲ့ကို နုတ်ထွက်သွားရတဲ့အထိ ဖြစ်သွားစေခဲ့တာဟာ အမှိုက်ကစ ပြာသာဒ်မီးလောင်လို့ ပြောလို့တော့ မရပါဘူး။ သူ အသက် ၄၂ နှစ်အရွယ်ကတည်းက စပြီး အယုံအကြည်မရှိ အဆိုတွေ၊ မဲခွဲဆုံးဖြတ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ရိုမေးနီးယားသမ္မတ ၂ ယောက်နဲ့လည်း ပုဂ္ဂိုလ်ရေး အချင်းများမှုတွေ ရှိနှင့်ခဲ့ပါတယ်။ အဲဒါတွေကြောင့် မြို့တော်က ပြည်သူ ၃၀၀၀၀ လောက်က နိုင်ငံရေး အခွင့်ထူးခံတွေရဲ့ အကျင့်ပျက်မှုတွေကို အပြစ်တင် ပြောဆို ဆန္ဒပြလာတဲ့အချိန်မှာ သမ္မတ ကလောက်စ်က နိုင်ငံရေးအရ တာဝန်ရှိမှုမရှိလို့ဖြစ်တာ ဖြစ်တယ်ဆိုတဲ့ သူ့အသံနဲ့ အားဖြည့်ပေးခဲ့လို့ ပွန်တာ နုတ်ထွက်ပေးခဲ့ရတဲ့အထိ ဖြစ်လာခဲ့တာပါ။

ခုချိန်မှာတော့ တခြားမြို့ကြီးနဲ့ မြို့ငယ်တွေမှာပါ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ စတင် ဖြစ်ပေါ်လာနေပြီး ပြင်းထန်တဲ့ အဂတိလိုက်စားမှု ဆန့်ကျင်ရေး အဖွဲ့တွေပါ ပါဝင်လာကြတာ တွေ့ရပါတယ်။ သူတို့က ရိုမေးနီးယားဟာ ၁၉၈၉ ရိုမေးနီးယားအာဏာရှင် ချောင်ဆက်စကူကို လူထုက တော်လှန်ဖြုတ်ချ ရှင်းလင်းပစ်လိုက်တဲ့၊ အောင်မြင်တဲ့ လူထု ဆန့်ကျင်အုံကြွမှု အစဉ်အလာကြီးခဲ့တဲ့ နိုင်ငံဖြစ်တယ်လို့ ပြောနေကြပါပြီ။

ပြည်သူလူထုတွေ ဒေါသဖြစ်လောက်အောင်လည်း သေဆုံးသူ ၃၂ ယောက်နဲ့ ဆေးရုံပေါ်မှာ တက်ရောက်ကုသ ခံနေရဆဲ ဒဏ်ရာရ မီးလောင်ခံခဲ့ရသူ ၁၀၀ ကျော် ရှိနေခဲ့ပြီး ဆရာဝန်တွေက သေဆုံးသူအရေအတွက် ပိုပြီး များပြားလာနိုင်တယ်လို့ ပြောဆိုထားပါတယ်။

သူ့သူငယ်ချင်း ၂ ယောက် သေဆုံးသွားခဲ့ရတဲ့ အမျိုးသမီးငယ်တယောက်ကတော့ အပြင်းအထန် စိတ်ဆိုးနေခဲ့ပြီး “ကျမတို့လူငယ်တွေက တိုင်းပြည်ရဲ့ အနာဂတ်ပါ။ အဲဒီလို ကျမတို့ကို ပြောခဲ့ကြတယ်လေ။ အဲဒီလို ပညာသင်ပေးခဲ့ကြတယ်လေ။ ဒါပေမယ့် ခုလို ဆိုးဝါးတဲ့ အဖြစ်အပျက်တွေ ဖြစ်လာပြီး လူငယ်တွေ သေဆုံးကြရတဲ့ အချိန်မှာ ဒါဟာ ကျမတို့လူငယ်တွေကို ဆန့်ကျင်တိုက်ခိုက်တာပဲလို့ ကျမတို့ မြင်တယ်။”

“အရာရာ ပြောင်းလဲရမယ်။ ပြောင်းလဲမှုတွေဟာ ကျမတို့ကို အုပ်ချုပ်နေတဲ့သူတွေဆီက လာရမယ်။” လို့ ရဲရဲတောက် ပြောဆိုခဲ့ပါတယ်။

ပွန်တာဟာ ၀န်ကြီးချုပ်သက်တမ်းအတွင်း အကျင့်ပျက် လာဘ်ပေးလာဘ်ယူမှုတွေအတွက် တရားရင်ဆိုင်ရတဲ့ တဦးတည်းသော ၀န်ကြီးချုပ် ဖြစ်ပါတယ်။ သူ့ရဲ့တာဝန်က နုတ်ထွက်ပေးလိုက်မှုဟာ လွှတ်တော်ထဲမှာ လူများစုဖြစ်တဲ့ အဓိက လက်ဝဲပါတီကြီး ၃ ခုရဲ့ ညွန့်ပေါင်းဖွဲ့စည်းမှု အကွဲအပြဲဖြစ်သွားမယ့် လက္ခဏာကို ချက်ချင်း မတွေ့ရသေးပေမယ့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ ရွေးကောက်ပွဲသစ်တွေ ကျင်းပဖို့ မရှိသေးပေမယ့် ပွန်တာရဲ့ နုတ်ထွက်မှုဟာ နိုင်ငံရေးကို ပြန်ပြီး တည့်မတ်အောင် ထိန်းညှိနိုင်မယ့်လမ်းကို ဖွင့်ပေးလိုက်သလို ဖြစ်သွားပါတယ်။

ပွန်တာက “ကျနော်က နိုင်ငံရေးတိုက်ပွဲတွေကို ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမယ့် ပြည်သူလူထုနဲ့တော့ တိုက်ခိုက်လို့မရပါဘူး” လို့ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။ အကျင့်ပျက်လာဘ်စားမှုတွေ ရှိတယ်လို့ စွပ်စွဲခံရ၊ တရားရင်ဆိုင်နေရတာ ဖြစ်ပေမယ့် နိုင်ငံအာဏာရဲ့ ရင်းမြစ်ပိုင်ရှင် ပြည်သူလူထုရဲ့ အင်အားကိုတော့ လေးစားဂရုပြုတဲ့ ၀န်ကြီးချုပ်လို့ ပြောရမှာပါပဲ။

အာဏာရ လက်ဝဲ ဆိုရှယ်ဒီမိုကရက်ပါတီရဲ့ ဦးစီးခေါင်းဆောင် လီဝယူဒရက်နဲ့ကတော့ “ဗစ်တာပွန်တာက သူ့အခွင့်အာဏာကို စွန့်လွှတ်တော့မှာပါ။ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိမှုကို တယောက်ယောက်ကတော့ တာဝန်ယူဖို့ လိုအပ်ပါတယ်။ ဒါဟာ အရေးကြီးတဲ့ကိစ္စ ဖြစ်နေတော့ ကျနော်တို့က အခြေအနေအပေါ် အလျှင်အမြန် အဖြေထုတ်ပေးဖို့ ကတိပေးပါတယ်။” လို့ သတင်းထောက်တွေကို လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

အတိုက်အခံ လစ်ဘရယ်ပါတီ ခေါင်းဆောင်ဟောင်း ကလောက်စ် အီယိုဟာနစ်ကတော့ သူ့အနေနဲ့ သူ့ပါတီက အာဏာရဖို့ ရည်ရွယ်ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက လွှတ်တော်ထဲမှာ အယုံအကြည်ရှိကြောင်း အဆိုကို အနိုင်ရဖို့လိုမှာ ဖြစ်ပေမယ့် သူ့ကို ၀န်ကြီးချုပ်သစ်အဖြစ် အမည်စာရင်း တင်သွင်းခွင့်ပေးထားတယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲသစ်ကို စောပြီး ကျင်းပနိုင်ချေ လောလောဆယ် မရှိသေးပေမယ့် ရိုမေးနီးယားနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တကယ်လို့ ပထမ ၀န်ကြီးချုပ်သစ်အဖြစ် တင်သွင်းလာသူက လွှတ်တော်ထဲမှာ အယုံအကြည်ရှိ အဆို အနိုင်မရခဲ့ရင် ရက်ပေါင်း ၆၀ အတွင်း နောက်ဝန်ကြီးချုပ်သစ် တင်သွင်းလာတာကိုလည်း အယုံအကြည်ရှိကြောင်း အနိုင်မရခဲ့ဘူးဆိုရင် ရွေးကောက်ပွဲတွေကို စောပြီး ကျင်းပပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး အရေးပေါ် ရွေးကောက်ပွဲ ကျင်းပပေးရတာမျိုးဟာ ၁၉၈၉ ခုနှစ် ကွန်မြူနစ်စနစ် ကျရှုံးပြီးတဲ့အချိန်ကစပြီး တကြိမ်မှ မရှိခဲ့သေးဘူးလို့ ဆိုပါတယ်။

တကယ်တော့ ပွန်တာဟာ အရင်က နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့တာတွေကို မသိကျိုးကျွံ ပြုထားခဲ့ပြီး သူ့သက်တမ်းကုန်ဆုံးမယ့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ ၀န်ကြီးချုပ်အဖြစ် ဆက်နေသွားဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမယ့် ခုကြုံတွေ့ခဲ့ရတဲ့ ညကလပ် မီးလောင်ကျွမ်းမှုနဲ့ လူငယ်အများစု ပါဝင်တဲ့ လူ ၃၂ ဦး သေဆုံးခဲ့ရမှုမှာ လူထုရဲ့ဒေါသ ပေါက်ကွဲဆန့်ကျင်ကန့်ကွက် သူ့ကို နုတ်ထွက်ပေးဖို့ တောင်းဆိုလာတဲ့ အချိန်မှာတော့ သူရှောင်လွှဲလို့မရအောင် ဖြစ်သွားခဲ့ရတာပါ။

သမ္မတ ကလောက်စ် အီယို ဟာနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အင်္ဂါနေ့ အနှောင်းပိုင်း ဖော်ပြရေးသားရာမှာ “ဘာတွေ တောင်းဆိုနေကြတယ်၊ ဘာတွေ မျှော်လင့်နေကြတယ်ဆိုတာ ကျနော်နားလည်ပါတယ်။ သူတို့တွေ မှန်ပါတယ်။ တယောက်ယောက်ကတော့ နိုင်ငံရေး တာဝန်ရှိမှုကို တာဝန်ယူရမှာ ဖြစ်ပါတယ်။ နောက်တဆင့်ကတော့ ပြည်သူလူထုရဲ့ တော်လှန်ပြောင်းလဲရေး စိတ်ဓာတ်ကို ဥပေက္ခာပြုထားလို့ မရကြတဲ့ နိုင်ငံရေးသမားတွေရဲ့ တာဝန်သာ ရှိပါတော့တယ်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ရိုမေးနီးယားမှာ ဖြစ်ခဲ့တဲ့ အကျင့်ပျက် လာဘ်ပေးလာဘ်ယူလုပ်မှု၊ တာဝန်ယူမှု၊ ပျက်ကွက်မှု၊ တရားဥပဒေစိုးမိုးမှု၊ ပျက်ကွက်မှုတွေ ဖြစ်ခဲ့တာကို စပြီး ဝေဖန်ပြစ်တင်လာတာ ပြီးခဲ့တဲ့ ဇွန်လပိုင်းကမှ စတာဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီအချိန်က စရင် ခု ၀န်ကြီးချုပ် ပွန်တာ ရာထူးက နုတ်ထွက်ပေးရတဲ့ အချိန်ဟာ ၅ လ ကျော်လောက်ပဲ ကြာမြင့်ခဲ့ပြီး ပြည်သူတွေ မလိုလားတော့တဲ့ အစိုးရအဖွဲ့ နုတ်ထွက်ပေးခဲ့ရပါပြီ။

ကျနော်တို့ဆီက အကျင့်ပျက် လာဘ်ပေးလာဘ်ယူလုပ်မှု၊ တာဝန်ယူမှု၊ ပျက်ကွက်မှု၊  တရားဥပဒေစိုးမိုးမှုမရှိ ဖြစ်နေတာတွေက နှိုင်းယှဉ်မှုအရ အများကြီး ပိုဆိုးသလို အချိန်ကာလလည်း ရာစုနှစ်ဝက်ကျော် ရှိနေပါပြီ။ စစ်အာဏာရှင် အဆက်ဆက်ကလည်း ဘယ်သူတွေ ဘာပြောပြော နိုင်ငံအာဏာကို လက်မလွှတ်၊ ပြည်သူ့ဆန္ဒကို လက်ခံဖို့ ဝေလာဝေး ဖြစ်ခဲ့သလို နိုင်ငံရေးသမားတွေကလည်း ပြည်သူလူထုတွေရဲ့ ဆန္ဒကို အကောင်အထည် ဖော်ပေးဖို့ ထိထိရောက်ရောက် မကြိုးစားခဲ့၊ တာဝန်မကျေပွန်ခဲ့ကြဘူးလို့ပဲ ပြောရတော့မှာပါပဲ။

ရိုမေးနီးယား ပြည်သူတွေကတော့ သူတို့နိုင်ငံရဲ့ အစဉ်အလာကြီးတဲ့ တော်လှန်ရေးစိတ်ဓာတ်ကို ထိန်းသိမ်းပြီး လက်တွေ့ တိုက်ပွဲဝင်ခဲ့ကြလို့ မကြာခင်မှာ သူတို့ရဲ့ အလိုဆန္ဒ ပြည့်ဝလာကြမယ်လို့ ယူဆမိပါကြောင်း။          ။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013