DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားစဉ် ရှေ့တန်းတွင် တိုက်ပွဲ ပြန်ဖြစ်
DVB
·
November 23, 2015
ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားစဉ် ရှေ့တန်းတွင် တိုက်ပွဲ ပြန်ဖြစ်
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ ၀န်ကြီး ဦးခင်မောင်စိုးရဲ့ ဖိတ်ကြားချက်နဲ့ ဆွေးနွေးပွဲတက်ရောက်ဖို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က ကိုယ်စားလှယ်တွေ နေပြည်တော် သွားနေစဉ်မှာပဲ ရှေ့တန်းမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ခိုလမ်အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းရုံး တာဝန်ရှိသူတဦးမှ ပစ်ခတ်မှုတွေ ဆိုင်းငံ့ထားဖို့ ညွှန်ကြားထားပေမယ့်လည်း မနေ့ကရော ဒီကနေ့ နိုဝင်ဘာ ၂၃ ရက် မနက် ၈ နာရီကျော်လောက်ကစပြီး မိုင်းရှူးမြို့နယ် ၀မ်ဆော့နဲ့ မိုင်းအတ်ရွာကြားမှာ ပစ်ခတ်မှုတွေ ပြန်ဖြစ်နေတာလို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့မှ ဗိုလ်မှူး စိုင်းခမ်းက ဒီဗွီဘီကို ပြောပါတယ်။

"ခလရ ခိုလမ်ဌာနချုပ်က တိုက်ပွဲတွေရပ်မယ်လို့ ပြောပြီး မြေပြင်မှာရှိတဲ့ တပ်ဖွဲ့တွေကျတော့ အရှေ့ကိုတိုးလာတယ်။ ကျနော်တို့က ဆုတ်လိုက်တိုင်း သူတို့က တိုးတိုးလာတယ်။ အခုဖြစ်တဲ့ နေရာက ဌာနချုပ် ၀မ်ဟိုင်းနဲ့ တအားနီးနေပြီဗျ၊ တောင်ဘက် လေးငါးမိုင်လောက်ပဲ ကျန်တယ်။ ကျနော်တို့ ဌာနချုပ်ကို ကာကွယ်ရမှာလေ၊ မနေ့က ညနေ ၂ နာရီကနေ ညနေ ၅ နာရီထိပစ်တယ်။ ဒီနေ့ရော အဲဒီနေရာမှာပဲ မနက် ၈ နာရီကနေ အခုထိ (မနက် ၉ နာရီခွဲ) ထိ ပစ်နေတုန်း၊ လက်နက်ကြီးတွေနဲ့ ထုနေတာ၊ မနေ့တနေ့ကလည်း လွယ်ယူဘက်မှာ ရဟတ်ယာဉ်တစီး ရောက်လာပြီး ရိက္ခာတွေ လာချသွားတယ်။"

တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ အဆင်မသင့်သေးတဲ့ ရှမ်းပြည်တပ်မတော်မြောကိပိုင်းအဖွဲ့ကို အစိုးရတပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်နေ့ကစပြီး ထိုးစစ်ဆင်ရာက တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်နေ့ကတော့ ရလခ တိုင်းစစ်ဌာနချုပ်က အပစ်ခတ်ရပ်ထားဖို့ ပြောခဲ့သလို မြန်မာငြိမ်းချမ်းရေးစင်တာကလည်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြဖို့ နိုဝင်ဘာ ၂၀ ရက်နေ့က ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံဆွေးနွေးဖို့အတွက် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလ၊ ဗိုလ်မှူးကြီး ခမ်းသီ၊ ဒု-ဗိုလ်မှူးကြီး နော်လိတ်၊ ဗိုလ်မှူး စိုင်းဆုနဲ့ စိုင်းနော်ဆိုင်မိုင်းတို့ ၅ ဦးဟာ မနေ့ကပဲ နေပြည်တော်ကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်ကြား တလကျော်ကြာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျေးသီး၊ မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ် ၃ ခုက ပြည်သူပေါင်း ၁ သောင်းကျော် အိုးအိမ်နဲ့ ရိပ်သိမ်းဖို့ လိုအပ်နေတဲ့ ကောက်ပဲသီးနှံ ဧကပေါင်း ထောင်ချီကို စွန့်ခွာထွက်ပြေးနေရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013