DVB Logo
Home
Lead Story
၂၀၁၅ အာဆီယံ စီးပွားရေး အသိုက်အမြုံ
DVB
·
November 22, 2015
၂၀၁၅ အာဆီယံ စီးပွားရေး အသိုက်အမြုံ
Donate to DVB

ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့၊ ဘာသာစကား၊ နိုင်ငံရေး စနစ်၊ စီးပွားရေးအဆင့်အတန်း ဘာမှ မတူကြတဲ့ ဆယ်ပြည်ထောင် ပေါင်းပြီး တိုးတက်ရာလမ်းကို ချီတက်နိုင်ပါသလား။ ဒီမေးခွန်ကို ဖြေဖို့ ဆယ်စုနှစ်တွေချီပြီး ကြိုးစားနေတာကတော့ အာဆီယံ အဖွဲ့ပါပဲ။ ခေါင်းဆောင်တွေရဲ့ ရည်မှန်းချက်ကြီးတဲ့ ပူးပေါင်းဆောင်ရွက်ရေး အမြင်ကို အကဲဖြတ်မယ်ဆိုရင် ဖြစ်နိုင်တယ်လို့ အဖြေထွက်ပါတယ်။

စားသုံးသူ သန်း ၆၀၀ ကို ကိုယ်စားပြုတဲ့ ရှင်သန်နေတဲ့ ပွင့်လင်းဈေးကွက်မှာ ကုန်သွယ်ခွန်တွေကို လျှော့ချရေးဆိုတဲ့ သဘောတူညီချက်ဟာ စီမံကိန်း မူကြမ်းထဲမှာ ပုံဖော်ထားပါပြီ၊ ထုတ်လုပ်မှုကို အခြေခံတဲ့ ဈေးကွက်ဟာ ကမ္ဘာ့စီးပွားရေး အင်အားကြီးတွေကို တိုက်ရိုက်ပဲ ယှဉ်ပြိုင်ပါတော့မယ်။ ဒါကို အာဆီယံ စီးပွားရေး အသိုက်အမြုံ (AEC) လို့ အတိုကောက်ခေါ်ပြီး အရှေ့တောင်အာရှ ဒေသကို ပြောင်းလဲပေးရုံသာမက ကမ္ဘာစီးပွားရေးထဲမှာလည်း တခန်းတကဏ္ဍ နေရာယူလာနိုင်ပါတယ်။

အာဆီယံ စီးပွားရေး အလားအလာဟာ အထင်ကြီးစရာဆိုတာကတော့ သံသယမရှိပါဘူး။ ဘရူနိုင်း၊ ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ အားလုံး ပေါင်းလိုက်ရင် ကမ္ဘာမှာ သတ္တမ စီးပွားရေး အင်အားအကြီးဆုံး ဖြစ်လာပါလိမ့်မယ်။ ဒါတင်မက အာဆီယံရဲ့ နိုင်ငံတကာ ကုန်သွယ်ရေးဟာ ကျန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ သုံးဆနီးပါး ကြီးထွားခဲ့တယ်။ ဂျပန်၊ တရုတ်နဲ့ အိန္ဒိယတို့ လမ်းဆုံမှာ မဟာဗျူဟာကျတဲ့ နေရာမှာ ရှိနေတာနဲ့ လူလတ်တန်းစား အရေအတွက် ကြီးထွားနေတာကြောင့်  နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေလည်း ဒေသထဲကို အပြတ် စီးဝင်နေတယ်။

ဒီလို အရှိန်အဟုန်အပေါ်မှာ ကုန်စည်တွေ၊ ၀န်ဆောင်မှုတွေ၊ အရင်းအနှီးတွေ၊ လူတွေကို စီးဆင်းမှုမှာ အဟန့်အတားဖြစ်နေတဲ့ တံတိုင်းတွေကို ဖြိုချဖို့ ရည်ရွယ်ထားတာက အာဆီယံ စီးပွားရေး အသိုက်အမြုံ (AEC) ဆိုတာပါပဲ။ McKinsey Global Institute (MGI) ရဲ့ ခန့်မှန်းချက်အရ AEC ကို အပြည့်အ၀ ရုပ်လုံးဖော်လိုက်ရင် ကမ္ဘာ့ထုတ်လုပ်မှုမှာ ဝေစုကြီးထွားလာခဲ့ရင် ၂၀၃၀ ရောက်ရင် အာဆီယံ နိုင်ငံတွေဟာ နှစ်စဉ် ဂျီဒီပီတန်ဖိုး အမေရိကန် ဒေါ်လာ ၂၈၀ ဘီလီယံ ကနေ ၆၂၅ ဘီလီယံ အထိ ရှိလာမယ်လို့ ဆိုပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ဖို့ဆိုရင် ဒေသ ကုမ္ပဏီတွေဟာ ပြည်ပဈေးကွက်အထိ ချဲ့ထွင်ဖို့လည်း လိုအပ်ပါတယ်။ ပို့ကုန်တွေ အဆင်ပြေချောမွေ့ပြီး အကုန်အကျ နည်းသွားရင် (တချို့ကဏ္ဍတွေမှာ ၂၀ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်ပါတယ်) ကုန်စည်နဲ့ ၀န်ဆောင်မှုတွေဟာ သန်းနဲ့ ချီတဲ့ စားသုံးသူတွေဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားနိုင်ပါတယ်။ ဒီလိုနည်းနဲ့ အရှေ့တောင် အာရှတခွင်မှာ စားသုံးမှု အင်အားကြီးထွားလာပြီး ချမ်းသာသုခ စက်ဝန်းထဲကို တက်လှမ်းသွား နိုင်ပါတယ်။

ဒါပေမယ့် အာဆီယံ ဒေသတခုလုံး အပြည့်အ၀ ပေါင်းစည်းဈေးကွက်ဖြစ်ဖို့ကတော့ အလှမ်းဝေးပါတယ်။  ၂၀၁၀ ကစလို့ အာဆီယံ ရဲ့ မူလအဖွဲ့ဝင်တွေ (အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း) တို့မှာ ကုန်သွယ်ခွန်တန်ဖိုးဟာ သုည ဖြစ်နေတယ်လို့ ယေဘုယျ ဆိုနိုင်ပေမယ့် တချို့ တံတိုင်းတွေကို မဖြစ်မနေ ဖြိုချဖို့ ကျန်ပါသေးတယ်။ MGI  ရဲ့ စစ်တမ်းအရ ဒေသ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ပိုင်ဆိုင်မှုတွေအတွက် အဟန့်အတား ဖြစ်နေသလို၊ စံနှုန်းတွေ စည်မျဉ်းစည်းကမ်းတွေ စံနှုန်းသွေဖည်မှုနဲ့ အလုပ်မဖြစ်တဲ့ အကောက်ခွန် လုပ်ထုံးလုပ်နည်းတွေဟာလည်း ကုန်သွယ်ရေးမှာ အကြီးဆုံး အတားအဆီးတွေအဖြစ် ဆက်ရှိနေပါတယ်။

ဒါကြောင့် ရည်မှန်းထားတဲ့အတိုင်း ၂၀၁၅ မှာ အာဆီယံ ပေါင်းစည်းရေး အဖြစ်နိုင်ပေမယ့် အဖြစ်မနေ ဆောင်ရွက်ဖို့ နှိုးဆွမှုကတော့ တွန်းအားဖြစ်နေတာ အမှန်ပါပဲ။ တရုတ်ပြည်မှာ လုပ်အားခတွေ မြင့်တက်လာတာနဲ့ အတူ အရှေ့တောင်အာရှနိုင်ငံတွေဟာ ကမ္ဘာ့စက်ရုံကြီးတွေ ဖြစ်လာနိုင်တဲ့ အခွင့်အလမ်း ပွင့်နေပါတယ်။

ဟုတ်ပါတယ်။ ရေရှည် ဖွံ့ဖြိုးရေးအတွက် လုပ်ခဈေးပေါတာ တခုတည်းနဲ့ မလုံလောက်ပါဘူး။ အာဆီယံ အနေနဲ့ ထုတ်လုပ်မှုစွမ်းရည်ကို ယှဉ်ပြိုင်ဖို့ လိုအပ်ပါတယ်။ ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့လို နိုင်ငံတွေတွေအတွက်တော့ ဒီလို ယှဉ်ပြိုင်ဖို့ အားနည်းပါတယ်။ စင်ကာပူနဲ့ ဘရူနိုင်းက လွဲလို့ အာဆီယံ ဒေသထဲက နိုင်ငံတွေမှာ လုပ်သား ထုတ်လုပ်မှုပမာဏဟာ တရုတ်နဲ့ ယှဉ်ရင် ၄၀ ရာခိုင်နှုန်း လျှော့နည်းပါတယ်။

အာဆီယံအတွက် တကယ့် ထုတ်လုပ်မှု ဘူမိနက်သန် (powerhouse) ဖြစ်လာဖို့ ဆိုရင် စီးပွားရေး အဆင့်အတန်း နိမ့်သေးတဲ့ နိုင်ငံတွေအနေနဲ့ ထုတ်လုပ်မှု ကိရိယာ ခေတ်မီ ဖို့ လိုသလို၊ အလုပ်အင်အားစုရဲ့ စွမ်းရည်ကိုလည်း တည်ဆောက်ပေးဖို့ လိုပါတယ်။ အခြေခံ အဆောက်အဦ ပိုင်းမှာ နောက်ကျ ကျန်နေတာကိုလည်း အမီလိုက်နိုင်အောင် ပုံမှန် ရင်းနှီးမြှုပ်နှံသွားဖို့ လိုအပ်သလို၊ ထုတ်လုပ်မှု ကုန်ကျစရိတ်  (logistics cost)  မြင့်မားနေတာကို လျှော့ချဖို့ လိုပါတယ်။

တချို့ဝေဖန်သူတွေက အာဆီယံက ဘယ်လိုပဲ ကြိုးစားနေပေမယ့် တခုတည်း ဈေးကွက်ဖြစ်လာဖို့ကတော့ အဖွဲ့ဝင် နိုင်ငံတွေကြားမှာ စီးပွားရေး ဖွံ့ဖြိုးမှု အဆင့်အတန်း အဟပ်ကွာလွန်းနေတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အာဆီယံက အီးယူလို ငွေကြေးကို ပေါင်းစည်းဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး။

ဒါပေမယ့် အာဆီယံရဲ့ ကုန်သွယ်ရေး ရည်မှန်းချက်က မတူညီမှုကို အားကောင်းချက် ဖြစ်လာစေနိုင်ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ တချို့ နိုင်ငံတွေမှာ လုပ်ခဈေးပေါတဲ့ အလုပ်သမားတွေ ရနိုင်ပြီး၊ တချို့ နိုင်ငံတွေမှာ ထုတ်လုပ်မှု စွမ်းရည်မြင့်မားမှုကို ရရှိနိုင်ပါတယ်။ တချိန်တည်းမှာ ကမ္ဘာမှာ ခေတ်အမှီဆုံးစာရင်းဝင် ဘဏ္ဍာရေးစင်တာနဲ့ ထုတ်လုပ်မှု နယ်မြေတွေကိုလည်း လက်လှမ်းမီနိုင်ပါတယ်။ ဈေးကွက် ဝေစုအတွက် အာဆီယံ နိုင်ငံတွေ အချင်းချင်းအကြားမှာ ပြိုင်ဆိုင်ရတာမျိုး ရှိနိုင်ပေမယ့် အထူးပြုကဏ္ဍအလိုက် မတူတာကြောင့် ကိုင်းကျွန်းမီ ကျွန်းကိုင်းမီဖို့ က ပိုများပါလိမ့်မယ်။

အာဆီယံ အဖွဲ့ထဲက စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်တဲ့ နိုင်ငံတွေက ပိုပြီး ပေါင်းစည်းမှုကြောင့် လက်ရှိအကျိုးတွေကို ထိခိုက်မှာ စိုးရိမ်ကြပါတယ်။ ဒါပေမယ့် ဒါက စိုးရိမ်စရာ မရှိပါဘူ။ ဥပမာ မက္ကဆီကို နိုင်ငံဆိုရင် မြောက် အမေရိကန် ကုန်သွယ်ရေး သဘောတူညီချက် (NAFTA) ကြောင့် အမေရိကန်နဲ့ ကနေဒါထက် ပိုအကျိုးရှိတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် ဒီလို စိတ်မသက်မသာ ဖြစ်မှုကပဲ အာဆီယံအတွက် အဓိက စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။ စကတည်းက အာဆီယံအဖွဲ့ဟာ ပြည်သူတွေရဲ့ အလိုဆန္ဒထက် အစိုးရမင်းတွေ အလိုကျ (top-down)  ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတော့ အာဆီယံဟာ ဒီမိုကရေစီ ပိုဆန်လာတာနဲ့ အမျှ လူထုထောက်ခံမှုဟာလည်း အရေးကြီးလာပါတယ်။ ဆိုလိုတာကတော့ အာဆီယံ ခေါင်းဆောင်တွေဟာ ပေါင်းစည်းခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပိုပြီး ထိထိရောက်ရောက် ဆက်သွယ် ဆောင်ရွက်ဖို့ လိုအပ်လာပါတယ်။

တချိန်တည်းမှာ အာဆီယံ အစိုးရတွေအနေနဲ့ စီးပွားရေး လုပ်ငန်းတွေကို တိုက်တွန်းရမှာ ရှိပါတယ်။ MGI စစ်တမ်းအရ တချို့ ထိပ်တန်း စီးပွားရေး သမားတွေဟာ ပေါင်းစည်းခြင်းရဲ့ အကျိုးကျေးဇူး၊ အိမ်နီးချင်းနိုင်ငံတွေကို ဈေးကွက်ချဲ့ ထွင်ဖို့ သိရှိမှုမှာ အကန့်အသတ် ရှိနေတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ တချို့ အရေးကြီးတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖယ်ရှားလိုက်ရုံနဲ့ အတော် ခရီးပေါက်သွားနိုင်ပါတယ်။

ဒီအတိုင်း ဆက်ထားရင်တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် အကန့်အသတ်တွေ၊ ကုန်သွယ်ရေး တံတိုင်းတွေ ဆက်ကာထားပြီး ပြည်တွင်း စက်မှုလက်မှု လုပ်ငန်းတွေဟာ ပြိုင်ဆိုင်မှု ဖိအားတွေကနေ အကာအကွယ် ရနေပါလိမ့်မယ်။ ဒီအချိန်မှာ အာဆီယံ နိုင်ငံတွေ ဆုံးဖြတ်ရမယ့် ကိစ္စက ကိုယ်ကျိုးစီးပွားကာကွယ်ရေး လမ်းကြောင်းကို နောက်ပြန်လှည့်မလား၊ ကုန်သွယ်ရေး တံခါးတွေကို ကျယ်ကျယ် ဖွင့်မလား ဆိုတာပါပဲ။ ဒုတိယ လမ်းမှာ နိုင်ငံသူနဲ့ ရှုံးသူ ပေါ်နိုင်ပေမယ့် ဒေသတခုလုံးရဲ့ ထုတ်လုပ်မှု ကဏ္ဍကိုတော့ အရှိန်မြှင့်ပေးနိုင်ပါတယ်။

ဒေသအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံ အနေနဲ့ အီးယူနိုင်ငံတွေလို မဖြစ်မနေ ပေါင်းစည်းရမယ်ဆိုတဲ့ လေးနက်တဲ့ အင်စတီကျူးရှင်းနဲ့ အခြေခံ အဆောက်အဦဆိုင်ရာ ချိတ်ဆက်မှု မရှိပါဘူ။ မြောက် အမေရိကဒေသမှာလိုမျိုး အဆင်ပြေချောမွေ့တဲ့ ကုန်စည်စီးဆင်းရာ လမ်းကြောင်းကြီးတွေလည်း တည်ဆောက်ထားတာ မရှိပါဘူး။ ဒါပေမယ့် အာဆီယံ အနေနဲ့ AEC စီမံကိန်းထဲက ရည်မှန်းချက်အတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင် ပေါင်းစည်းခြင်းရဲ့ အကျိုးကျေးဇူးကို ခံစားရပါလိမ့်မယ်။

(Unlocking ASEAN’s Potential by Kishore Mahbubani and Fraser Thompson)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013