DVB Logo
Home
မြန်မာသတင်း
တရားဝင်ကန့်ကွက်ခံရသည့် လွှတ်တော်အမတ်မရှိသေးဟု ကော်မရှင်ပြော
DVB
·
November 21, 2015
တရားဝင်ကန့်ကွက်ခံရသည့် လွှတ်တော်အမတ်မရှိသေးဟု ကော်မရှင်ပြော
Donate to DVB

၂၀၁၅ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေကို ကော်မရှင်ထံမှာ လာရောက်  ကန့်ကွက်လွှာတင်သွင်းပြီး တရားဝင်ကန့်ကွက်ထားတာ မရှိသေးဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥပဒေအရ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကို ကန့်ကွက်လိုပါက လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်း တရားဝင်ကြေညာပြီး ရက်ပေါင်း ၄၅ ရက်အတွင်း ကန့်ကွက်ခွင့်ရှိတာပါ။

ဒါပေမယ့် လက်ရှိအချိန်ထိ တရားဝင်ကန့်ကွက်လာသူတဦးတယောက်မှ မရှိသေးဘူးလို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးစိုင်းကျော်သူကပြောပါတယ်။

“ဒီနေ့အထိတော့ ကန့်ကွက်လွှာတင်သွင်းခြင်းမရှိသေးပါဘူး။ ကန့်ကွက်လွှာ တင်သွင်းတယ်ဆိုတာက ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ နဲ့ ၁၄ ကို တချို့က သိပ်နား မလည်ကြဘူး။ လွဲမှားနေတယ်။ ကန့်ကွက်လွှာကို စာနဲ့ ရေးပြီး တင်သွင်းလို့ မရဘူး။ ကန့်ကွက်လွှာ တင်သွင်းတယ်ဆိုရင် ဒီလူက ဘာသာရေးကိုအကြောင်းပြလို့ ဖြစ်ဖြစ် လူမျိုးရေးကို အကြောင်းပြလို့ဖြစ်ဖြစ် မဲတွေ သူက ရသွားပါတယ်။ ဒီမဲတွေသာ မရဘူးဆိုရင် ကျနော်သာ အနိုင်ရရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်ဆိုပြီး အချက်အလက်နဲ့ အထောက်အထားနဲ့ တင်ပြီး ကျပ်  ၅ သိန်းသွင်းပြီး ကန့်ကွက်မှသာ တရားဝင်ပါတယ်။ စာလေးပဲပို့ပြီး ကန့်ကွက်ပါတယ်လို့ အဲလိုလုပ်လို့ မရဘူး။”

လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူကို ကန့်ကွက်လိုရင် ကန့်ကွက်လွှာကို ယှဉ်ပြိုင်အရွေးခံတဲ့ ကိုယ်စားလှယ်လောင်းတွေကဖြစ်စေ၊ မဲဆန္ဒရှင်တွေကဖြစ်စေ ဆီလျော်တဲ့ အကြောင်းပြချက်နဲ့ ကော်မရှင်ထံမှာ  သတ်မှတ်ထားတဲ့ အတိုင်း တင်သွင်းကန့်ကွက်ခွင့်ရှိတာပါ။

ရွေးကောက်ပွဲမှာ အယောင်ဆောင်မဲပေးတာ၊ ကိုယ်စားမဲပေးတာ၊ ဆန္ဒမပါဘဲ အတင်း အကျပ်မဲပေးခိုင်းတာ စတဲ့ အမှုတွေကိုတော့ လူသက်သေနဲ့ တခြားအထောက်အထားတွေ ပြပြီး  ရဲအရေးပိုင်တဲ့ အမှုအဖြစ် သက်ဆိုင်ရာ ရဲစခန်းတွေမှာ တိုင်ကြားရမယ်လို့ ဆိုပါတယ်။

ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း ၁၃  ရွေးကောက်ပွဲဆိုင်ရာ  ပြစ်မှုများနဲ့ ပြစ်ဒဏ်များ အခန်း ပုဒ်မ ၅၇ မှာတော့  ရွေးကောက်ပွဲမှာ ပုဂိုလ်တဦး၏ ဆန္ဒမဲပေးပိုင်ခွင့်ကို ကျင့်သုံးခြင်းမပြုနိုင်ရန်  အကြမ်းဖက်၊ ခြိမ်းခြောက်၊ လိမ်လည်လှည့်ဖြား၊ လာဘ်ပေး မလျော်သြဇာသုံးတာတွေကို ပြစ်မှုထင်ရှားစီရင်ခံရရင် ၁ နှစ်ထပ်မပိုတဲ့ ထောင်ဒဏ်  ဖြစ်စေ၊ ၁ သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်တွေကို ရက်ပေါင်း ၃၀ အတွင်း အပြီးတင်သွင်းကြဖို့လည်း ကော်မရှင်က တိုက်တွန်းပါတယ်။

“အဲဒါကလည်း ရက်ပေါင်း ၃၀ အတွင်း သူတို့ အပြီးတင်သွင်းရမှာ၊ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကတော့ ၁၂၁ ယောက် မတင်သွင်းဘူး၊ မတင်သွင်းတဲ့အခါကျတော့ သူတို့ကို အမည်ပျက်စာရင်း သွင်းလိုက်တာပေါ့။ တကယ်လို့ ကြားဖြတ် ရွေးကောက်ပွဲရှိခဲ့ရင် ဒီလူတွေက ရွေးချယ်ခံပိုင်ခွင့် မရှိတော့ဘူး။ နိုင်တဲ့သူတွေကတော့ တင်တာပေါ့။ ရှုံးတဲ့လူတွေကတော့ ဂရုကို မစိုက်တော့ဘူး။ တချို့ဆို ဆက်သွယ်လို့ ကိုမရတော့ဘူး။ အစကတော့ နိုင်ငံအတွက် ကောင်းအောင်လုပ်မယ်တို့ ဘာတို့ပြောပြီး ရှုံးလည်းရှုံးရော ဘယ်လိုမှ ဆက်သွယ်လို့ မရတော့ဘူး ” လို့ ကော်မရှင်အရာရှိ ဦးစိုင်းကျော်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလတွေအပါအ၀င် နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီက လွှတ်တော် ကိုယ်စားလှယ်လောင်းပေါင်း ၆၀၀၀ ကျော် စံချိန်တင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ကြတာပါ။

ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၂၀ရက်မှာ နောက်ဆုံးအပြီးသတ်ထုတ်ပြန်လိုက်တဲ့ မဲရလဒ်အရ ရွေးကောက်ပွဲအနိုင်ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၂၃) ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် (၁၆၈) ဦး၊ တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၆၃၀) ဦးနဲ့ တိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ် (၂၉) ဦး စုစုပေါင်း ၁၁၅၀ ဦးရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013