DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတိုက်ပွဲကြောင့် လူမျိုးရေးပဋိပက္ခဖြစ်မည်ကို ကချင်ပါတီ စိုးရိမ်
DVB
·
November 19, 2015
မိုးညှင်းတိုက်ပွဲကြောင့် လူမျိုးရေးပဋိပက္ခဖြစ်မည်ကို ကချင်ပါတီ စိုးရိမ်
Donate to DVB

ကချင်ပြည်နယ် မိုးညှင်းမြို့အနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်  လူမျိုးရေးပဋိပက္ခဖြစ်မှာကို စိုးရိမ်တဲ့အကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီက  သဘောထား ထုတ်ပြန်လိုက်ပါတယ်။

အကယ်၍ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမယ်ဆိုပါက ကြား ပရောဂ အမျိုးမျိုးကြောင့် မိုးညှင်းဒေသမှာ နေထိုင်ကြတဲ့ ကချင်နဲ့ ရှမ်းလူမျိုးတွေအကြား လူမျိုးရေးပဋိပက္ခအသွင် ဆောင်သွားမှာကို စိုးရိမ်ပူပန်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒ့ါအပြင် ခုအချိန်ဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ အစိုးရအပြောင်းအလဲအချိန်၊ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန် ဖြစ်တာကြောင့် တိုက်ပွဲတွေ အမြန်ဆုံးရပ်ဖို့နဲ့ အစိုးရဘက်က လက်ရှိ ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူတွေကို လူသားချင်း စာနာထောက်ထားသော အားဖြင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း ကချင်ပါတီက တောင်းဆိုပါတယ်။

မိုးညှင်းမြို့ခံ ရှမ်းနီပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်ကလည်း "ကျနော်တို့ဘက်ကလည်း စိုးရိမ်ပါတယ်။ အမှန်တော့ မိုးညှင်းမြို့နယ်ထဲမှာနေတဲ့ ပြည်သူတွေအချင်းချင်း အေးအတူပူအမျှ နေထိုင်ကြတာပဲ။ ဒါပေမယ့် တိုက်ပွဲတွေ ပိုပြင်းထန်လာရင် ကြားထဲက ပယောဂတွေ ၀င်ရောက်လာမှာ စိုးရိမ်ပါတယ်။ လွန်ခဲ့တဲ့ ၁၉၇၅ တုန်းက ဒီဒေသမှာ ပဋိပက္ခဖြစ်ခဲ့ဖူးတယ်။ ကေအိုင်အေက ဆက်ကြေးကောက်၊ လူသတ် အဲဒါတွေလုပ်တော့ မခံရပ်နိုင်တဲ့ ပြည်သူတွေက ကေအိုင်အေကို ဓားနဲ့ခုတ်တော့ ကချင်နဲ့ရှမ်းကြား အပြန်အလှန်ခုတ်ကြတာ။ ကချင်ပြည်နယ် ၀န်ကြီးချုပ်က လူတွေကို ရွှေ့ပြောင်းနေရာချပေးလိုက်လို့ ငြိမ်သွားတယ်။ အခုတော့ ပဋိပက္ခတွေမဖြစ်အောင် ကျနော်တို့လည်း အတတ်နိုင်ဆုံး လုပ်သွားမှာပါ" လို့ ပြောပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့အနီးမှာ အစိုးရတပ်တွေနဲ့ ကေအိုင်အေ ကချင်လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေအကြား နိုဝင်ဘာ ၁၄ ရက်နေ့လောက်ကတည်းက တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတာပါ။

ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်နေ့ မနက် ၉ နာရီကနေ မွန်းလွဲ ၂ နာရီလောက်အထိ မိုးညှင်းမြို့ အရှေ့တောင်ဘက် တောင်တန်းပေါ်ကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရကာ မီးခိုးတွေ ထွက်နေတာကို မြင်တွေ့နေရသေးတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်ကတော့ မိုးညှင်းမြို့အနီးမှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မြို့ပေါ်မှာ လုံခြုံရေးအတွက် ပြည်သူတွေ စိုးရိမ်မှုမရှိအောင် ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက လုံခြုံရေး ဆောင်ရွက်နေတယ်လို့  ပြောပါတယ်။

ဒါ့အပြင် မြို့တွင်းရှိ ကျောင်းတချို့မှာ ကျောင်းတက်နေတဲ့ ကလေးတွေကို မိဘတွေက စိုးရိမ်တဲ့အတွက် မနက်ပိုင်းမှာ ကျောင်းမတက်ခိုင်းဘဲ လာရောက်ကြိုသွားကြတယ်လို့ မိုးညှင်း အထက ၁ ကျောင်းအုပ်ကြီးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013