အီကွေဒေါနိုင်ငံ၊ ဂါလာ့ပါဂိုးစ်ကျွန်းစုမှာပဲ ရှိတတ်တဲ့ အဂွါးနားစ် ခေါ် ရှားပါးပင်လယ်ဖွတ် အကောင်ပေါက် ၁၂ ကောင်ကို ခြေထောက်တွေ ချည်နှောင်တုပ်ထားလျက်သားနဲ့ ထိုင်းနိုင်ငံသား ၃ ယောက်ရဲ့ လက်ဆွဲအိတ်ထဲမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အီကွေဒေါ ပတ်ဝန်းကျင်နဲ့ စွမ်းအင်ဝန်ကြီးဌာနက မေ ၂၀ ရက်မှာ ပြောပါတယ်။
ဂါယာကွီလ်မြို့ နိုင်ငံတကာလေဆိပ်မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ပုံမှန်စစ်ဆေးမှုတွေလုပ်ရင်း အင်္ဂါနေ့ ညပိုင်းက အဲဒီနိုင်ငံခြားသားတွေရဲ့ လက်ဆွဲအိတ်ထဲမှာ အခုလို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ကျွန်းစုကနေ ပင်လယ်ဖွတ်တွေကို တရားမဝင် မှောင်ခိုကူးဖို့ ကြိုးစားမှုနဲ့ သူတို့ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။
အမှတ် ၈ နယ်မြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှူး ဗိုလ်မှူးကြီး ဗစ်တာဟူးဂိုး ကာရီရာက "ရဲခွေးလေး 'အီရာ' နဲ့ ပုံမှန် လိုက်လံစစ်ဆေးနေတုန်း ခရီးဆောင်အိတ် ၃ လုံးနားမှာ ထူးခြားတဲ့ အချက်ပြမှု ရခဲ့ပါတယ်။ အိတ်တွေကို ဖွင့်စစ်လိုက်တာမှာ အိတ်တွင်းထဲမှာ ကာကွယ်စောင့်ရှောက်ထားရမဲ့အပြင် မျိုးသုဉ်းလုနီးပါးစာရင်းဝင် ဂါလာ့ပါဂိုးစ် ပင်လယ်ဖွတ် ၁၂ ကောင် ရှိနေတာကို ရဲတပ်ဖွဲ့ဝင်တွေ တွေ့ခဲ့ရတာပါ" လို့ ပြောပါတယ်။
ဂါလာ့ပါဂိုးစ်ကျွန်းကနေ ဂါယာကွီလ်မြို့ကို ခိုးထုတ်လာခံရတဲ့ ပင်လယ်ဖွတ်လေးတွေကို ကျန်းမာရေးစစ်ဆေးဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက လွှဲပြောင်း ရယူထားပါတယ်။
"ဂါလာ့ပါဂိုးစ် ပင်လယ်ဖွတ်ဆိုတာ ဒီကမ္ဘာပေါ်မှာ ဒီကျွန်းစုတခုတည်းမှာပဲ ရှိတဲ့ မျိုးစိတ်ဖြစ်ပြီး နိုင်ငံတကာ CITES သဘောတူညီချက်အရလည်း နံပါတ် ၁ အဆင့် အထူးကာကွယ်ထားတဲ့ မျိုးစိတ်ဖြစ်တယ်” လို့ ပတ်ဝန်းကျင်နဲ့ ကမ်းရိုးတန်းပင်လယ်ဆိုင်ရာ ဒုတိယဝန်ကြီး အလစ်စီယာ ဂျာရာမီလိုက အလေးအနက် ပြောပါတယ်။
တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင် မှောင်ခိုကူးတာဟာ အီကွေဒေါရဲ့ ဇီဝမျိုးစုံမျိုးကွဲတွေနဲ့ ဂါလာ့ပါဂိုးစ် ကျွန်းစုရဲ့ သဘာဝအမွေအနှစ်တွေကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ ကြီးလေးတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြစ်မှုကြီး ဖြစ်ပါတယ်လို့လည်း သတိပေး ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ အပတ်ကလည်း ဂွါယာကေး လေဆိပ်အနီးတဝိုက်မှာ အခုလို ပင်လယ်ဖွတ်မျိုးစိတ် ၄ ကောင် လျှောက်သွားနေတာကို တွေ့ရှိခဲ့ရတယ်လို့ ပြည်တွင်းသတင်းတွေမှာ ဆိုပါတယ်။
ဂါလာ့ပါဂိုးစ် ကျွန်းစုဟာ ပင်လယ်ခြေပြာငှက်၊ ကြိုးကြာငှက်၊ ပင်လယ်ဖွတ်နဲ့ ကမ္ဘာ့အကြီးဆုံး လိပ်ကြီးတွေလိုမျိုး ဒီကျွန်းမှာပဲရှိတဲ့ မျိုးသုဉ်းလုနီးပါး တိရစ္ဆာန်တွေ ရှိတာကြောင့် နှစ်စဉ် ကမ္ဘာလှည့်ခရီးသည် ထောင်ပေါင်းများစွာ လာရောက်လည်ပတ်လေ့ရှိတဲ့နေရာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကျွန်းစုဟာ ၁၉ ရာစုတုန်းက ဗြိတိန်သိပ္ပံပညာရှင် ချားလ်စ် ဒါဝင်ရဲ့ ဆင့်ကဲဖြစ်စဉ် သီအိုရီကို အခြေခံ ဖော်ထုတ်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။
Source: Reuters











