DVB Logo
Home
မြန်မာသတင်း
တရားမ၀င်အလုပ်သမားခန့်ထားက အရေးယူခံရမည်ဟု ထိုင်းအလုပ်သမားညွန်ချုပ် သတိပေး
DVB
·
November 19, 2015
တရားမ၀င်အလုပ်သမားခန့်ထားက အရေးယူခံရမည်ဟု ထိုင်းအလုပ်သမားညွန်ချုပ် သတိပေး
Donate to DVB

ထိုင်းနိုင်ငံက အလုပ်ရှင်တွေအနေနဲ့  တရားမ၀င်အလုပ်သမားတွေ ငှားရမ်းခန့်ထားတာကို တွေ့ရှိရင်  နိုင်ငံခြားသားအလုပ်သမားဆိုင်ရာ အက်ဥပဒေပုဒ်မအရ အရေးယူခံရမယ်လို့ ထိုင်းအ လုပ်သမားဝန်ကြီးဌာန  ရွှေ့ပြောင်းအလုပ်သမားစီမံက ခန့်ခွဲရေးဌာန ၀က်ဘ်ဆိုက်မှာ သတိပေး ဖော်ပြထားပါတယ်။

ခွင့်ပြုချက်မရှိတဲ့ အလုပ်သမားကို ငှားရမ်းခန့်ထားတာ စစ်ဆေးတွေ့ရှိရင် ၂၀၀၈ ခုနှစ်မှာ ပြင်ဆင် ပြဌာန်းတဲ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေအရ  အဲဒီအလုပ်ရှင်ဟာ  အလုပ်သမား တဦးအတွက် ဒဏ်ငွေ ဘတ် ၁ သောင်းမှ ၁ သိန်းထိသော်လည်းကောင်း ပြစ်ဒဏ် ကျခံရမှာဖြစ်ပြီး အဆိုပါအလုပ်သမားအနေနဲ့လည်း ၅ နှစ်ထက် မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ်ငွေ အနည်းဆုံး ၂ ထောင်မှ အများဆုံး ၁ သိန်းထိ၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ ၂ ရပ်လုံး ကျခံရမှာဖြစ်တယ်လို့  နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းအာရတ် ဖရူမ်နီ ကပြောကြောင်း သတိပေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မနှစ် ၂၀၁၄ ခုနှစ်က မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား  နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားတွေကို နေထိုင်ခွင့်ကတ်တွေ ထုတ်ပေးခဲ့ရာမှာ  ၂၀၁၅ စက်တင်ဘာလအထိ  နိုင်ငံသားစိစစ်ပြီးတဲ့ အလုပ်သမားဦးရေပေါင်း ၁၀၂၀၁၈၅ ဦးရှိပြီး အမ်အိုယူ (နှစ်နိုင်ငံ သဘောတူစာချွန်လွှာ လမ်းကြောင်းကနေ ၀င်ရောက်လာတဲ့ အလုပ်သမား ၃၁၃၇၃၂ ဦး ရှိတယ်လို့  ညွှန်မှူး နိုင်းအာရတ်က ဆက်ပြောပါတယ်။

ဒါပေမယ့်လည်း ထိုင်းအလုပ်ရှင်တွေကြားမှာ အလုပ်သမားလိုအပ်မှုတွေ ရှိနေတာကြောင့် အိမ်နီးချင်း ၃ နိုင်ငံကအလုပ်သမားတွေကို အမ်အိုယူလမ်းကြောင်းကနေ တရားဝင်ခန့်ထားဖို့  တိုက်တွန်းထားပါတယ်။

နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမား ခန့်ထားလိုသူတွေအနေနဲ့  သက်ဆိုင်ရာ ခရိုင်အလုပ်သမား စီမံခန့်ခွဲရေးရုံး ဘန်ကောက်ခရိုင်မှာဆိုရင်  နယ်မြေ ၁ မှ ၁၀ ထိနဲ့ တနိုင်ငံလုံးက အခြား ခရိုင်တွေမှာပါ ကိုတာ (ဝေပုံကျ) တောင်းခံလျှောက်ထားနိုင်ကြောင်း၊ အလုပ်သမားရုံးကလည်း ၇ ရက်အတွင်း သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံကို စာပို့ပေးမှာဖြစ်ကာ အလုပ်သမားတွေရပြီဆိုရင် ၇ ရက်အတွင်း မိမိအလုပ်သမားကို အလုပ်သမားမှတ်ပုံတင်ကတ်တွေ လုပ်ပေးရမယ်လို့ ဆိုပါတယ်။

အမ်အိုယူနဲ့ ၀င်ရောက်လာသူ အလုပ်သမားတဦးအတွက် ထိုင်းနိုင်ငံဘက်ခြမ်းမှ ကုန်ကျစ ရိတ်မှာ  လျှောက်လွှာနှင့်အလုပ်သမားမှတ်ပုံတင်ကြေး ဘတ် ၁၀၀၀၊  ဗီဇာကြေး (၂ နှစ်) အတွက် ဘတ် ၅၀၀ နဲ့ ကျန်းမာရေး ဆေးစစ်ခ ဘတ် ၅၀၀ စုစုပေါင်း ဘတ် ၂ ထောင် ကျသင့်တယ်လို့ ဆိုပါတယ်။

လူမှုဖူလှုံရေးအာမခံကတ် လုပ်လို့မရတဲ့ ရေလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အိမ်ဖော် အလုပ်သမားတွေအတွက်တော့ ကျန်းမာရေးအာမခံ (တစ်နှစ်စာ) ဘတ် ၁၆၀၀ ကျသင့်တယ်လို့ ဆိုပါတယ်။

အမ်အိုယူနဲ့ ၀င်ရောက်လာတဲ့ အလုပ်သမားတွေဟာ တစ်ကြိမ်ကို ၂ နှစ် နေထိုင်လုပ်ကိုင်ခွင့်ရှိပြီး  ၂ နှစ်ပြည့်က နောက်ထပ်  ၂ နှစ်သက်တမ်းတိုးပြီးရင် စုစုပေါင်း ၄ နှစ် လုပ်ကိုင်ခွင့်ရှိပါတယ်။

၎ နှစ်ပြည့်ရင် နေရင်းနိုင်ငံကို ပြန်သွားရမှာဖြစ်ပြီး ထိုင်းနိုင်ငံထဲမှာ ထပ်မံအလုပ်လုပ်လိုပါက ရက်ပေါင်း ၃၀ အတွင်း ဗီဇာအသစ်နဲ့ ပြန်ဝင်ရမှာ ဖြစ်ပါတယ်။

နောက်ထပ် အသေးစိပ်အချက်အလက်တွေကို သက်ဆိုင်ရာနယ်မြေနဲ့ ခရိုင်အလုပ်သမားရုံး ဒါမှမဟုတ် ၁၆၉၄ အရေးပေါ်ဖုန်းလိုင်းကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
တရားမ၀င်အလုပ်သမားခန့်ထားက အရေးယူခံရမည်ဟု ထိုင်းအလုပ်သမားညွန်ချုပ် သတိပေး