DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်လက်ထက် အခင်းအကျင်း ပြောင်းလဲနိုင်ဟု ၀န်ကြီး ဦးအောင်မင်း ပြောကြား
DVB
·
November 18, 2015
အစိုးရသစ်လက်ထက် အခင်းအကျင်း ပြောင်းလဲနိုင်ဟု ၀န်ကြီး ဦးအောင်မင်း ပြောကြား
Donate to DVB

သမ္မတ ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နေတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လုပ်ငန်းကော်မတီ (ယူပီဒဗလျူစီ) နဲ့  မြန်မာ့ငြိမ်းချမ်းရေးစင်တာ (အမ်ပီစီ) တို့ရဲ့ အနာဂတ်ဟာ နောက်တက်လာမယ့် အစိုးရသစ် လက်ထက်မှာ အပြောင်းအလဲ ရှိလာနိုင်မယ်လို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးလည်းဖြစ်၊ ယူပီဒဗလျူစီ  ဒု-ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးအောင်မင်းက “နိုင်ငံရေးအခင်းအကျင်းဆိုတာ အများကြီး ပြောင်းလဲနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အစိုးရအပေါ် အများကြီးမူတည်နေပါတယ်။ အစိုးရပြောင်းလဲရင် အခင်းအကျင်းတွေအားလုံး ပြောင်းလဲသွားနိုင်ပါတယ်။ အခု ကျနော်တို့ ယူပီဒဗလျူစီတို့ အမ်ပီစီတို့ ဒါတွေလည်း အများကြီး ကျနော်တို့ ပြောင်းလဲသွားပါမယ်” လို့ ပြောပါတယ်။

အလားတူ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေကလည်း လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အတိုင်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပေမယ့် အမည်ပြောင်းလဲသွားတာမျိုး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

"ယူပီဒဗလျူစီဆိုတာ သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ Executive order နဲ့ ဖွဲ့ထားခဲ့တာ ဖြစ်တဲ့အတွက် နောက်အစိုးရမှာလည်း ငြိမ်းချမ်းရေးကို ဆက်ဆောင်ရွက်ရဦးမှာပါပဲ။ နာမည်တော့ ပြောင်းချင်ပြောင်းမယ်၊ ပုံသဏ္ဌာန် အနည်းငယ် ပြောင်းရင်ပြောင်းမယ်။ အနှစ်သာရအားဖြင့်တော့ ငြိမ်းချမ်းရေးကို ဆက်လုပ်ရမယ်။ ငြိမ်းချမ်းရေးကနေ နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လုပ်ရမယ်ဆိုတဲ့ဟာတော့ ပြောင်းမယ်လို့ ကျနော် မထင်ပါဘူး။ ဒါကြောင့်မို့လို့ တာဝန်ဆက်ယူမယ့်သူတွေကလည်း ဒါကို အောင်မြင်အောင်လို့ ဆက်ပြီးတော့ လွတ်လွတ်လပ်လပ် လုပ်သွားနိုင်မယ်လို့ မျှော်လင့်တယ်။"

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အန်အယ်လ်ဒီ အနေနဲ့ အစိုးရဖြစ်လာရင် အရင်အစိုးရ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို လုံးဝ ဖျက်သိမ်းလိုက်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို) က ပြောပါတယ်။

“ပြည်သူတွေအကြိုက် နိုင်ငံတကာ အားပေးမှုလည်းအကြိုက် တက်လာတဲ့ အစိုးရက လိုက်ပါလုပ်ဆောင်လိမ့်မယ်လို့ ကျနော် အပြည့်အဝ ယုံကြည်ပါတယ်။ သံသယမရှိပါဘူး။ ဒါတွေလုပ်မယ် ဒါပေမယ့် နည်းနာနည်းနည်း ကွာချင်ကွာမယ်၊ ပုံစံနည်းနည်း ကွာချင်ကွာမယ်။ တစုံလုံးကို အဖြုအမည်း အပြောင်းအလဲ လုပ်တာကတော့ လုံးဝမဖြစ်နိုင်ဘူးလို့တော့ ကျနော်တို့ ယုံကြည်တယ်” လို့ ပီအန်အယ်လ်အိုအဖွဲ့က ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း ပြောပါတယ်။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့တော့ အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် အကောင်အထည်ဖော်ရေး ဆွေးနွေးနေတာဖြစ်ပြီး လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေထဲက ကေအိုင်အေနဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့တွေကိုတော့ အစိုးရက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013