
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကြောင်ချောင်းကျေးရွာကို စစ်ကောင်စီတပ်က မတ် ၂၉ ရက် ညနေ ၄ နာရီလောက်မှာ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ရွာသား ၄ ယောက် သေဆုံးမှုရှိသလို ကလေးငယ်တွေ အပါအဝင် ကျေးရွာသားတချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ပလက်ဝဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ကြောင်ချောင်းရွာကို ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။ ကနဦး သိထားရတာကတော့ ကျေးရွာသား ၄ ဦး သေဆုံးမှုရှိတယ်လို့ သတင်းရထားတယ်။ နောက်ထပ်လည်း ကလေးငယ်တွေ အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူတချို့လည်း ရှိနေပြီးတော့ ထိခိုက်ပျက်စီးမှုတွေလည်း များတယ်လို့ သိထားရတယ်။ အသေးစိတ်အချက်တွေကိုတော့ နောက်ပိုင်းမှ အတိအကျ ပြောနိုင်မယ်။”
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသွားသူတွေရဲ့ အသေးစိတ် အချက်လက်တွေကိုတော့ မသိရသေးပါဘူး။
ကြောင်ချောင်ကျေးရွာဟာ အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း ဖြတ်သန်းတဲ့ ကုလားတန်မြစ်ကမ်းနံဘေးက ကုန်သွယ်ရေးအရ အရေးပါတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရွာသားတွေဟာ ဘေးလွတ်ရာ ကျေးရွာတွေကို တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အီရန်စစ်ပွဲကြောင့် စက်သုံးဆီတွေ ပြတ်တောက်ပြီး ပြည်တွင်း ခရီးသည်တင် လေကြောင်း လိုင်းတွေ ရပ်နားထားချိန်မှာ စစ်ကောင်စီတပ်က နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။








