DVB Logo
Home
မြန်မာသတင်း
လယ်ဆည်ဝန်ကြီးကို ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုဖြင့် အမှုဖွင့်မည်
DVB
·
November 17, 2015
လယ်ဆည်ဝန်ကြီးကို ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုဖြင့် အမှုဖွင့်မည်
Donate to DVB

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်က အန်အယ်လ်ဒီပါတီရဲ့ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက သူ့ရဲ့ပြိုင်ဘက် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင်ကို ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုကျူးလွန်တဲ့ စွပ်စွဲချက်နဲ့ အမှုဖွင့်ဖို့ ရှိနေပါတယ်။

ဦးမြင့်လှိုင်ဟာ နိုဝင်ဘာ ပထမပတ်မှာ သီရိမင်္ဂလာကျေးရွာက ရပ်မိရပ်ဖတွေကိုခေါ်ပြီး ခြံမြေတွေကို ဂရန်ရအောင် လုပ်ပေးမယ်ဆိုပြီး သူ့ကိုမဲပေးဖို့ ပြောခဲ့သလို ရွာက လူ ၄၀၀ ကျော်အတွက် မဲဆွယ်တဲ့ အင်္ကျီ၊ ထီး၊ ယပ်တောင်တွေ ပေးခဲ့တယ်လို့ ဦးသန့်ဇင်ထွန်းက  ပြောပါတယ်။

“မြို့မရဲစခန်းမှာ မနေ့က သွားတိုင်တော့ ရဲအရေးမပိုင်ဘူးလို့ ပြောတယ်။ ကျနော်က ရဲအရေးပိုင်တဲ့ ပြစ်မှုပါလို့ ပြောတော့ ဖုန်းတွေဆက်ကြတယ်။ ပြီးတော့ ဘယ်ဥပဒေနဲ့ ငြိနေလို့လဲ၊ ကျနော့်ကို ပြန်မေးတယ်။ ပြီးတော့ ဦးမြင့်လှိုင်နေတဲ့ ဥတ္တရသီရိမှာ အမှုဖွင့်ဖို့ ပြောတဲ့အတွက် တရားရုံးကို ဦးတိုက်လျှောက်ဖို့ပဲ စီစဉ်လိုက်တယ်။”

ဒက္ခိဏသီရိမြို့နယ်မှာ တရားရုံးမရှိတဲ့အတွက် ဇမ္ဗူသီရိမြို့နယ်တရားရုံးမှာ သွားရောက် လျှောက်ထားရာမှာလည်း အချိန်မမီတော့တဲ့အတွက် နိုဝင်ဘာ ၁၈ ရက်နေ့မှ လာရောက်ဖို့ ချိန်းဆိုထားတယ်လို့ သိရပါတယ်။

ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးမြင့်လှိုင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေတုန်းကလည်း ကျေးရွာတွေမှာ သက်ကြီးပူဇော်ပွဲတွေ လုပ်ခဲ့ပြီး မဲဆွယ်ခဲ့တယ်လို့လည်း ဦးသန့်ဇင်ထွန်းက ပြောပါတယ်။

“သက်ကြီးပူဇော်ပွဲမှာ ဘုရားဆင်းတုတဆူ၊ အင်္ကျီ၊ ထဘီ၊ ယပ်တောင်၊ သိုးမွေးအနွေးထည်၊ ကွေကာအုပ်၊ ခေါက်ဆွဲခြောက်၊ ပိုက်ဖျာ၊ စောင်၊ ငွေတသောင်း၊ ဆိုလာမီးအိမ်၊ မဲဆွယ်ပန်းဖလက်၊ မျိုးစောင့်ဥပဒေနဲ့ ပတ်သက်တဲ့ စာတမ်းတခု၊ မျိုးစောင့်ဥပဒေအောင်ပွဲ ဖိတ်ကြားလွှာတွေကို ပေးတယ်။”

ဒါဟာ လက်ရှိ ပြည်ထောင်စုဝန်ကြီးတယောက်ကို အနိုင်ရအမတ်က စွဲဆိုမယ့် ပထမဆုံးအမှုလည်း ဖြစ်ပါတယ်။

အလားတူ အနိုင်ရအမတ် ဦးသန့်ဇင်ထွန်းကိုလည်း ဒက္ခိဏသီရိမြို့နယ် မဲရုံအမှတ် ၁၃ မဲရုံမှူးက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ တရားလိုလုပ် တိုင်တန်းထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ယှဉ်ပြိုင်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း   ဦးသန့်ဇင်ထွန်းက ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမြင့်လှိုင်ကို အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013