DVB Logo
Home
မြန်မာသတင်း
လဲချားတွင် ပေါက်ကွဲမှုဖြစ်ပွား၊ ကလေးငယ် ၂ ဦးသေဆုံး
DVB
·
November 17, 2015
လဲချားတွင် ပေါက်ကွဲမှုဖြစ်ပွား၊ ကလေးငယ် ၂ ဦးသေဆုံး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း လဲချားမြို့မှာ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက မတော်တဆ ပေါက်ကွဲမှုတခု ဖြစ်ပွားပြီး  မိန်းကလေးငယ် ၂ ဦး သေဆုံးသွားပါတယ်။

လဲချားမြို့အရှေ့ဘက် ၂ မိုင်လောက်အကွာ နမ့်တိန်းချောင်းကူးတံတားနားမှာ သဲကျင်းလုပ်ငန်း လုပ်နေတဲ့ မိသားစုက ကလေး ၂ ဦး အရာဝတ္ထုတခုကို ကစားမိစဉ် ပေါက်ကွဲပြီး ခန္ဓာကိုယ် တစစီ လွင့်စင်သေဆုံးခဲ့တာလို့ လဲချားမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးစိုင်းမွန်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က ညနေ ၃ နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတွေ သေဆုံးတယ်လို့ သတင်းရတဲ့အတွက် ကျနော်တို့ သွားကြည့်တယ်။ သူတို့မိဘတွေက နမ့်တိန်းချောင်းနဘေးမှာ တဲထိုးပြီး သဲစုပ်သဲတူးတဲ့အလုပ်ကို လုပ်တယ်။ မနေ့က နေ့ခင်း ထမင်းစားပြီး လူကြီးတွေက တရေးတမောအိပ်နေတာ ကလေး ၂ ယောက်က အဲဒီမှာ ဘယ်ကကောက်ရမှန်းမသိတဲ့ မိုင်းကို ကစားပြီး ပေါက်ကွဲသွားတာလို့ မိဘတွေက ပြောပါတယ်။ အကြီးမက ၁၂ နှစ်၊ အငယ်မက ၁၀ နှစ်၊ သူ့အစ်မက ခေါင်းတခြား ကိုယ်တခြား၊ ခြေလက်တွေပြတ်၊ ခန္ဓာကိုယ် တစစီဖြစ်သွားတယ်။ တခုချင်းစီ လိုက်ကောက်ပြီးမှ အလောင်းပြင်ပေးရတယ်။ အငယ်မလေးကတော့ နောက်ကျောမှာထိတဲ့ဒဏ်ရာနဲ့ ဆုံးတယ်။ ကျနော်တို့ တာဝန်ရှိသူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေပါ ဘုန်းကြီးတွေပင့်ပြီး မနေ့ ညနေ ၆ နာရီကပဲ မီးသင်္ဂြိုဟ်ပေးလိုက်ပါတယ်။”

ပေါက်ကွဲသွားတဲ့ပစ္စည်းဟာ ဘာအမျိုးအစားမှန်း မသိရသေးဘဲ မြို့နယ်ရဲတပ်ဖွဲ့ကတော့ လက်လုပ်ဗုံးလို့ ကနဦး ခန့်မှန်းထားပြီး ဆက်လက်စုံစမ်း ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

လဲချားမှာ ပြီးခဲ့တဲ့လကလည်း လက်လုပ်ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒီဒေသမှာ လက်လုပ်ဗုံးတွေကို ငါးဖမ်းရာမှာသော်လည်းကောင်း၊ သဲကျင်းတွေဖြိုရာမှာလည်းကောင်း  အသုံးပြုလေ့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013