DVB Logo
Home
Lead Story
သမိုင်းစဉ်တလျှောက်မှာ အပြင်းထန်ဆုံး၊ အကြီးကျယ်ဆုံးတိုက်ပွဲ - ကေအိုင်အို ပြောခွင့်ရ ဦးလနန်
DVB
·
November 17, 2015
သမိုင်းစဉ်တလျှောက်မှာ အပြင်းထန်ဆုံး၊ အကြီးကျယ်ဆုံးတိုက်ပွဲ - ကေအိုင်အို ပြောခွင့်ရ ဦးလနန်
Donate to DVB

မိုးညှင်းတိုက်ပွဲအပေါ် ကေအိုင်အို ပြောခွင့်ရ ဦးလနန်နှင့် ဒီဗွီဘီဆက်သွယ်မေးမြန်းချက်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ ကေအိုင်အေနဲ့ အစိုးရတပ်ကြားတိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကြားသိရပါတယ်။ တိုက်ပွဲက ဘယ်နေ့ကစဖြစ်တာပါလဲ၊ အခုကော (နိုဝင်ဘာ ၁၇ ရက်) ဒီမနက်တိုက်ပွဲတွေ ဖြစ်နေသေးလား၊ တိုက်ပွဲနောက်ဆုံးအခြေအနေဘယ်လိုရှိပါသလဲ။
“နိုဝင်ဘာလ ၁၄ ရက်နေ့က စဖြစ်ပါတယ်။ မိုးညှင်းမြို့အရှေ့ဘက်မှာရှိတဲ့ ကေအိုင်အေ တပ်မဟာ ၈ ထိန်းချုပ်နယ်မြေဘက်မှာ။ ၁၅ ရက်နေ့မှာတော့ ကျနော်တို့တပ်ရဲ့ ၁၀ လိုမီတာ လောက် အကွာကနေပြီး လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်။ မနေ့က လက်နက်ကြီးအပါ အ၀င် လေကြောင်းကနေပြီးတော့ ထိုးစစ်ဆင်နေတယ်။ အဲလိုအခြေအနေပါ၊ မနေ့ညနေ ၅ နာရီလောက်က လေယာဉ်တွေ ရောက်လာတယ် တကြိမ်ကို ၂ စီး သုံးလေးကြိမ်လာတယ်။ ဒီကနေ့တော့ အခြေအနေ ငြိမ်နေတယ်။

ဒီမိုးညှင်းဒေသမှာ တိုက်ပွဲတွေဟာ ဘာကြောင့် ဖြစ်ရတာလဲ၊ တိုက်ပွဲတွေဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းကဘာလဲ။
“အစိုးရတပ်ကနေပြီးတော့ ကျနော်တို့ရဲ့ ရှေ့တန်းစခန်းတွေကို ၀င်သိမ်းလို့ ဖြစ်ရတဲ့တိုက်ပွဲပါ။ အခုက ကျနော်တို့ ကေအိုင်အေဘက်ကတော့ ခုခံတဲ့စစ်ပေါ့၊ ကျနော်တို့ဘက်က စခန်းတွေ တော်တော်များများ သုံးလေးခုကတော့ ဖယ်ပေးလိုက်ရတယ်။ သူတို့ဘက်က လက်နက်ကြီးတွေ ရော၊ လေကြောင်းကနေတော့ အပြင်းအထန်တိုက်ခိုက်တယ်ဆိုတော့ ဖယ်ပေးလိုက်ရတာပေါ့။ တိုက်ပွဲအသွင်သဏ္ဍာန်ကတော့ အစိုးရတပ်ရဲ့ ထိုးစစ်ဆင်မှု ဖြစ်ပါတယ်။”

အစိုးရတပ်က ဒီအချိန်မှာမှ ဘာကြောင့် ထိုးစစ်ဆင်တယ်လို့ ထင်ပါသလဲ။
“သူတို့ရည်မှန်းချက်တွေ အမျိုးမျိုးရှိပါလိမ့်မယ်၊ မိုးညှင်းဒေသခံတွေ ပြောတာကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲကိုအသာစီးရမယ်လို့ သူတို့မှန်းထားတယ်ပေါ့။ ဒါပေမယ့် တကယ်တန်းကျတော့ အန်အယ်လ်ဒီက တော်တော်ရသွားတယ်။ အဲလိုဖြစ်တဲ့ အခါကျတော့ စစ်တပ်ကလည်း မိုးညှင်းဒေသခံတွေကို စစ်ရေးအစွမ်းတွေကိုပြချင်တဲ့ သဘောလို့ ပြောတယ်။ မိုးညှင်းမြို့အရှေ့ဘက် ၃ မိုင်လောက်ပဲ ကွာတဲ့နေရာမှာ ကေအိုင်အေကို တိုက်တယ်ဆိုတော့ မြို့ခံတွေကို စစ်ရေးနည်းနဲ့ ခြိမ်းခြောက်တာလို့ဘဲ ယူဆတယ်။”

ခုတိုက်ပွဲက အောက်ခြေမှာ ကေအိုင်အေဘက်ကဘယ်တပ်နဲ့ အစိုးရဘက်က ဘယ်တပ်ကြား ပစ်ခတ်ကြတာလဲ။ အင်အားဘယ်လောက်ရှိပါသလဲ။
“ကျနော်တို့ ကေအိုင်အေဘက်က တပ်မဟာ ၈ ဌာနချုပ်နဲ့ လက်အောက်ခံ တပ်ရင်း ၃၅၊ တပ်ရင်း ၂၆ နယ်မြေတွေဟာ တိုက်ပွဲဧရိယာထဲမှာရှိနေတယ်။ အစိုးရတပ်ကတော့ မိုးညှင်းအခြေစိုက် ခလရ ၁၅ ကိုအပြထားတယ်။ ဒါပေမယ့် သူတို့ဘက်က အကူတပ်တွေ အင်အား တော်တော်များတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ရထားနဲ့ တက်လာပြီး ဖားမော်၊ မော်ဟန်ဘက်မှာ လာစုထားတဲ့ တပ်ဖွဲ့တွေရော၊ အမြှောက်တပ်၊ လေကြောင်းတပ်၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်း လက်အောက်ခံတပ်တွေလည်း ပါကောင်းပါမယ်။

နှစ်ဘက်ထိခိုက်ဒဏ်ရာရမှု အခြေအနေ ဘယ်လိုရှိပါသလဲ။
“ကျနော်တို့ဘက်က သတင်းအတိအကျ တက်မလာသေးပါဘူး။ ဒါလောက်ကြီး လေယာဉ်နဲ့ အပြင်းအထန်တိုက်ခိုက်တယ်ဆိုတော့ ရှိကောင်းရှိနိုင်ပါတယ်။ သူတို့ အချင်းချင်းလည်း ပြန်ထိ နိုင်တယ်။ နှစ်ဘက်လုံး ထိခိုက်ဒဏ်ရာရတာ ရှိကောင်းရှိနိုင်မယ်။”

မိုးညှင်းမြို့နယ်အပြင် တခြားနေရာတွေမှာရော တိုက်ပွဲဖြစ်သေးလား။
“ရှိပါတယ်။ မနေ့တနေ့က တပ်မဟာ ၄ ဘက်မှာလည်း ထိတွေ့ပစ်ခတ်မှုရှိတယ်။ ဒါပေမယ့် ဒီမိုးညှင်းတိုက်ပွဲလောက်တော့ မပြင်းထန်ဘူး။ ဒီတိုက်ပွဲကတော့ ကေအိုင်အေနဲ့ မြန်မာ့ တပ်မတော်နဲ့ ဖြစ်တယ်ဆိုတဲ့ သမိုင်းစဉ်တလျှောက်မှာ အပြင်းထန်ဆုံး၊ အကြီးကျယ်ဆုံး တိုက်ပွဲလို့ ပြောလို့ရပါတယ်ခင်ဗျ။”

အခုလိုပြင်းထန်တဲ့ တိုက်ပွဲဖြစ်နေတယ်ဆိုတော့ ကြိုးစားဆောင်ရွက်နေတဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်ရေးဆွေးနွေးပွဲတွေ ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေအပေါ် သက်ရောက်ထိခိုက်မှု ရှိနိုင်ပါသလား။
“အခုလောလောဆယ်တော့ မြန်မာအစိုးရနဲ့ တိုက်ရိုက်စေ့စပ်ဆွေးနွေးတဲ့ လမ်းကြောင်းက မရှိတော့ဘူးခင်ဗျ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်ရေးဆိုတဲ့ ဝေါဟာရကိုသုံးဖို့လည်း အများကြီး စဉ်းစားရမှာပါ။ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ရှေ့ဆက်ဘယ်လို ဆွေးနွေးကြမလဲဆိုတာ လာမယ့်အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးပေါ်လစီပေါ် မူတည်ပါလိမ့်မယ်။ ဒီတနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်ရေးဆိုတဲ့ဆွေးနွေးမှုလမ်းကြောင်းကတော့ တခန်း ရပ်သွားပြီလို့ ပြောလို့ရသွားပြီခင်ဗျ။

ခုရွေးကောက်ပွဲ အနိုင်ရပြီး တက်လာမယ့်အစိုးရသစ်အပေါ် ကေအိုင်အေက ဘယ်လောက်မျှော်လင့်ချက်ရှိပါသလဲ။
“ကျနော်တို့ကတော့ ပါတီစွဲမရှိပါဘူး။ မှန်ကန်တဲ့လူထုရဲ့ သဘောထားပေါ်အခြေခံပြီးတော့ ဆက်ဆံသွားမှာပါ။ လူထုရဲ့ ထောက်ခံမှုနဲ့ တက်လာတဲ့အစိုးရဟာ ပြည်တွင်းငြိမ်းချမ်းရေးကို မှန်ကန်တဲ့လမ်းကြောင်းအတိုင်း ဖော်ဆောင်သွားနိုင်မယ်လို့တော့ ကျနော်တို့ မျှော်လင့်ပါတယ်။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013