DVB Logo
Home
မြန်မာသတင်း
စစ်ပြေးဒုက္ခသည်များ တောင်ကြီးနှင့် လားရှိုးမြို့ပေါ်ထိ လာရောက်ခိုလှုံ
DVB
·
November 16, 2015
စစ်ပြေးဒုက္ခသည်များ တောင်ကြီးနှင့် လားရှိုးမြို့ပေါ်ထိ လာရောက်ခိုလှုံ
1 / 7
Donate to DVB

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေကြောင့်   မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ်ထဲက ဒေသခံတွေဟာ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြပြီး တောင်ကြီးနဲ့ လားရှိုးမြို့ပေါ်ထိ လာရောက်ခိုလှုံနေကြရပါတယ်။

ရွာသားတွေအနေနဲ့ သူတို့အနီးနားတ၀ိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်လာမှာ စိုးရိမ်ပြီး တောင်ကြီးမြို့ပေါ်ထိ တက်လာကြတာလို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နမ့်ခုံးပရဟိတ သာရေးနာရေးအသင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းဆိုင်မိုင်းက  ပြောပါတယ်။

“သူတို့ တိုက်ပွဲထပ်ဖြစ်မှာလည်း စိုးရိမ်ကြတယ်။ ဒီမှာလည်း အသိမိတ်ဆွေတွေ ရှိထားတော့ ပြီးခဲ့တဲ့ ၁၁ ရက်နေ့က စပြီးရောက်လာကြတယ်။ အများစုက မိုင်းရှူးမြို့နယ် ၀မ်ဆော့ကျေးရွာကပါ၊ အစက ၅၀ ဦး အရင်ရောက်တယ်၊ တောင်ကြီးမြို့တောင်ဘက်က ပေါက်မိုင်လုံရပ်ကွက်မှာ လာခိုလှုံကြတယ်။ ဒီနေ့ထိတော့ ၁၂၀ ဦး ရှိသွားပါပြီ။ ဒါကြောင့် သူတို့ နေရေးထိုင်ရေး ပိုပြီးအဆင်ပြေစေဖို့ ဘုန်းကြီးကျောင်းမှာ ပြောင်းထားဖို့ စီစဉ်နေပါတယ်။”

ရွာသားတွေဟာ အိမ်မှာနေရင်း လက်နက်ကြီးကျည် ထိခဲ့ရသူတွေရှိသလို လယ်ယာလုပ်ငန်းခွင်သွားရင်း သေနတ်ပစ်ခံရတာ၊ လမ်းမှာ မိုင်းမိတာတွေရှိနေပြီး အမျိုးသမီးကြီးတဦး သေဆုံးကာ ကိုရင် ၂ ပါး၊ လူကြီး  ၁ ဦးနဲ့ မိန်းကလေး ၁ ဦးတို့ကို ကမ္ဘောဇ အလင်းတန်းအဖွဲ့ရဲ့ထောက်ပံ့မှုနဲ့ ဆေးကုသပေးနေတယ်လို့ ဦးစိုင်းဆိုင်မိုင်းက ပြောပါတယ်။

လတ်တလော စစ်ရှောင်ဒုက္ခသည်တွေ လဲချားမှာ ၆၀၀ ကျော်၊ မိုင်းရှူးမှာ ၈၀၀ ကျော်၊ မိုင်းရှူးမြို့နယ် ဟိုင်းပါကျေးရွာမှာ ၁၅၀၀ ခန့်နဲ့ ကျေးသီးမြို့နယ် ၀မ်ဝကျေးရွာမှာ ၁၀၀၀ နီးပါး ထွက်ပြေးခိုလှုံနေကြတယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာလည်း နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီး ၀မ်ဆော့ရွာက ဒုက္ခသည်တွေ တဖွဲဖွဲရောက်လာရာမှာ ဒီကနေ့အထိတော့ ၁၂၀ ဦး ရှိသွားပြီဖြစ်ကြောင်း၊ သူတို့ကို မံဆူကျောင်းတိုက်မှာ နေရာချထား ကူညီစောင့်ရှောက်ပေးနေတယ်လို့ ဒုက္ခသည်ကူညီရေး ကော်မတီဝင် ဦးစိုင်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် ၀မ်ဆော့မှာ လာရောက်ခိုလှုံနေတဲ့ ရွာသားနှစ်ဦး ရွာကို အပြန်လမ်းမှာ အပစ်ခံရလို့ ၁ ဦးသေဆုံးသွားတယ်လို့ ပါခီးရွာသူတဦးက ပြောပါတယ်။

“မိုင်းအတ်ရွာသား ၂ ယောက် ဆိုင်ကယ်စီးပြီး သူတို့ဝက်တွေကို အစာပြန်ကျွေးတာ လမ်းမှာ အပစ်ခံရတယ်၊ အနောက်ကတယောက် ပေါင်နဲ့လက်မောင်းမှာထိပြီး ကျန်ခဲ့တယ်၊ ရှေ့ကတယောက်လည်း ကြောက်ကြောက်နဲ့ မောင်းပြေးတာတဲ့၊ သူလည်း အဲဒီနေရာ ပြန်မသွားရဲ၊ ဘယ်သူမှလည်း မသွားရဲလို့ သွေးလွန်ပြီး သေသွားတယ်။ သူ့ကို အဝေးကပဲ မြင်ရပြီး ခုထိ အလောင်းမကောက်ရဲဘူး။”

အခုချိန်ဟာ သီးနှံဆွတ်ချိန်ဖြစ်တဲ့အတွက် ရွာသားတွေအနေနဲ့ လယ်ထဲမဆင်းနိုင်ရင် တမိုးလုံး စိုက်ထားသမျှ သီးနှံတွေ ပျက်စီးဆုံးရှုံးမှာဖြစ်ပြီး လယ်ထဲဆင်းပြန်ရင်လည်း  သေနတ်သံကြားတိုင်း ထွက်ပြေးနေရတာကြောင့် အခက်အခဲ ဖြစ်နေကြတယ်လို့ ပါခီးရွာသူက ပြောပါတယ်။

အောက်တိုဘာ ၆ ရက်ကနေ နိုဝင်ဘာ ၁၂ ရက်နေ့အထိ ကျေးသီး၊ မိုင်းနောင်နဲ့ မိုင်းရှူးမြို့နယ်ထဲမှာ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် လူပေါင်း ၁ သောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ပြည်ပအခြေစိုက် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ - ကိုဇက်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013