DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရ
DVB
·
November 16, 2015
ရှမ်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရ
Donate to DVB

ကျင်းပပြီးစီးသွားတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ တရားဝင် မဲရလဒ်တွေအရ ရှမ်းပြည်နယ်လွှတ်တော်မှာ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မဲအများစုနဲ့ အနိုင်ရသွားပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်ရဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ကျော်လောက်မှာ ကြံ့ခိုင်ရေးပါတီက ၃၂ နေရာနဲ့ ဦးဆောင်ပြီး ရှမ်းတိုင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂၅ နေရာနဲ့ ဒုတိယအများဆုံးရကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ၂၄ နေရာနဲ့ တတိယနေရာအများဆုံးနဲ့ အနိုင်ရသွားတာပါ။

အစိုးရပိုင် သတင်းစာတွေမှာတော့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မဲရရှိမှု အခြေအနေနဲ့ ပတ်သက်ပြီး  ကြံ့ခိုင်ရေးပါတီက ၂၈ ရာခိုင်နှုန်းကျော်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၂၁ ရာခိုင်နှုန်းကျော်နဲ့ အန်အယ်လ်ဒီက ၁၉ ရာခိုင်နှုန်းကျော် အနိုင်ရတယ်လို့ ဖော်ပြပါတယ်။

အဆိုပါရလဒ်အရ ရှမ်းပြည်နယ်လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးပါတီဟာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ ပေါင်းရင် လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့ ထက်ဝက်ကျော်နဲ့ အင်အားကောင်းကောင်း ရှိနေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရှမ်းပြည်နယ် လွှတ်တော်မှာတော့ ရွေးကောက်ပွဲ အနိုင်ရပြီး တက်လာမယ့် အစိုးရကို ထိန်းကြောင်းသွားနိုင်လိမ့်မယ်လို့ ဖက်ဒရယ်ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ ဦးစောသန်းမြင့်က ဒီဗွီဘီကို သုံးသပ်ပြောပါတယ်။

“ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ် အားလုံးကို သမ္မတက အမည်စာရင်း တင်သွင်းပေးရမယ်၊ ဒါကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းလွှတ်တော်ကနေ ကန့်ကွက်မယ်ဆို အကြောင်းပြချက် ခိုင်ခိုင်လုံလုံနဲ့ ကန့်ကွက်ရမယ်၊ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘူးဆိုရင် သမ္မတ အမည်စာရင်းပေးတဲ့သူက ၀န်ကြီးချုပ်ဖြစ်မယ်၊ ၀န်ကြီးချုပ်က သူ့အစိုးရအဖွဲ့ကို ပြန်ပြီး ဖွဲ့စည်းရတယ်။ ဒါပေမယ့် ပြည်နယ်နဲ့ပတ်သက်တဲ့ ဘတ်ဂျက်အားလုံးက ပြည်နယ်လွှတ်တော်က အတည်ပြုရတယ်။ ပြည်နယ်အစိုးရရဲ့ စီမံကိန်းအားလုံးကလည်း လွှတ်တော်က အတည်ပြုပေးရတယ်။ အဲဒီအခါမှာ အစိုးရအဖွဲ့က အန်အယ်လ်ဒီက လုပ်မယ်၊  လွှတ်တော်မှာတော့ အင်အားကြီးတဲ့ အဖွဲ့ကတော့ အစိုးရအဖွဲ့ကို ကောင်းကောင်း ထိန်းကြောင်းနိုင်တာပေါ့” လို့ ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် လားရှိုးခရိုင်အမှတ် ၃ မဲဆန္ဒနယ်က ရွေးကောက်ပွဲအနိုင်ရ အမျိုးသားလွှတ်တော်အမတ် ဦးစိုင်းဝမ်းလှိုင်းခမ်းကတော့ “ကျနော်တို့ ရှမ်းပြည်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ထဲမှာ ထိုင်ခုံအများဆုံး ရထားတယ် ဆိုပေမယ့်လည်း တခြား အန်အယ်လ်ဒီတို့လို ကျနော်တို့ ကျားခေါင်းပါတီတို့လို အတိုက်အခံဘက်ကလည်း အနိုင်ရထားတဲ့ လွှတ်တောာ်ကိုယ်စားလှယ်တွေ ရှိပါသေးတယ်။ အရာရာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ သဘောဆန္ဒ တခုတည်းနဲ့ ဆုံးဖြတ်လို့ရမှာ မဟုတ်ပါဘူး။ ရှမ်းပြည်အကျိုးအတွက် ရှမ်းပြည်ထဲက ပါတီတွေအားလုံး ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်တယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ လွန်ခဲ့တဲ့ ၅ နှစ်က ကြိုတင်မဲတွေနဲ့ အနိုင်ယူခဲ့တယ်လို့  ပြောဆိုနေကြပေမယ့်လည်း ဒီနောက်ပိုင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မျိုးဆက်သစ်တွေကတော့ ပြည်သူထဲလည်း ကွင်းဆင်းခဲ့ကြပြီမို့ ပြည်သူ့လိုလားချက်တွေ သိရှိပြီး ပြည်သူ့သဘောဆန္ဒအတိုင်း ဆောင်ရွက်သွားမယ်လို့လည်း  ယုံကြည်တယ်” လို့ ပြောပါတယ်။

၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ မတိုင်ခင်ကတော့ တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်းက ပြည်နယ်တွေမှာ တိုင်းရင်းသားတွေ ခေါင်းဆောင်တဲ့ အစိုးရတွေ ဖွဲ့စည်းနိုင်ဖို့ ရည်မှန်းထားခဲ့တာပါ။

ဒါပေမယ့် ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့အပေါ် ဦးစောသန်းမြင့်က “ပြည်သူရဲ့ဆန္ဒအတိုင်းပဲလို့ ခံယူရမှာပေါ့။ ကြံ့ခိုင်ရေးက တက်ရင်လည်း ကျနော်တို့ ပြည်နယ်အတွက် အကျိုးမရှိပါဘူး၊ အန်အယ်လ်ဒီက တက်ရင်လည်း ကျနော်တို့ ပြည်နယ်အတွက် ဘာအကျိုးမှ ရှိမှာမဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးကလည်း ပြည်မက ပါတီဖြစ်တယ်။ အစိုးရဖွဲ့နိုင်တဲ့ အနေအထားအရ အန်အယ်လ်ဒီကလည်း အစိုးရဖြစ်မယ်ဆိုရင် ပြည်မကိုပဲ ကိုယ်စားပြုတဲ့ပါတီတွေ ဖြစ်တဲ့အတွက် ကျနော်တို့ ပြည်နယ်အတွက်တော့ ကျနော်တို့ မျှော်လင့်သလောက် မဖြစ်နိုင်ပါဘူး။ ပြည်နယ်တွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေ အင်အားကြီးမှသာလျှင် ကိုယ့်ပြည်နယ်အတွက်ကို အများကြီး ဆောင်ရွက်နိုင်မယ်လေ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ကလွဲပြီး ကျန် ပြည်နယ်လွှတ်တော် အများစုမှာ မဲအများစုနဲ့ အနိုင်ရရှိခဲ့သလို တိုင်းဒေသကြီးလွှတ်တော် အားလုံးမှာ အထူးသဖြင့် မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်တွေမှာ အပြတ်အသတ် အနိုင်ရခဲ့တာပါ။

ရခိုင်ပြည်နယ်မှာတော့ ရခိုင်အမျိုးသားပါတီက ၂၂ နေရာနဲ့ ဦးဆောင်ပြီး နေရာအများစုနဲ့ အနိုင်ရရှိသွားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲရလဒ် ၉၉ ရာခိုင်နှုန်းကို တရားဝင် ထုတ်ပြန်ကြေညာပြီးသွားပြီဖြစ်ပြီး ကချင်ပြည်နယ် နောင်မွန်းမြို့နယ်နဲ့ ခေါင်လံဖူးမြို့နယ်တွေအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၄ ဦးနဲ့  တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ၄ ဦးသာ ကြေညာဖို့ ကျန်ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013