
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပိုမိုအေးချမ်း ဖွံ့ဖြိုးတဲ့ အနာဂတ် မြန်မာနိုင်ငံ ဖြစ်ပေါ်လာရေးအတွက် အစိုးရသစ်တရပ် ဖွဲ့စည်းရေးဟာ အရေးကြီးတဲ့ ခြေလှမ်းတခု ဖြစ်ကြောင်း သမ္မတက မှတ်ချက်ပြုတဲ့အကြောင်း အိမ်ဖြူတော်က သတင်းထုတ်ြပန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲအလွန်မှာ ပြည်သူလူထုဆန္ဒကို ထင်ဟပ်စေမယ့် အားလုံးပါဝင်တဲ့ အစိုးရတရပ် ပေါ်ထွန်းလာရေးအတွက် အမေရိကန်သမ္မတ ဘာရတ်အိုးဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့တယ်လို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
ရလဒ်ကို တရားဝင်ထုတ်ပြန်ပြီတာနဲ့ တပြိုင်နက်၊ ပါတီအားလုံးက ရလဒ်ကို လေးစားလိုက်နာပြီး ညီညွတ်တဲ့စိတ်ဓာတ်နဲ့ အတူအကွ ပူးပေါင်းဆောင်ရွက်သွားဖို့ အရေးကြီးတဲ့အကြောင်းလည်း ခေါင်းဆောင် ၂ ဦး ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်၊
နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမိုင်းဝင် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်မြင်မှုအတွက် သမ္မတအိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းဆက် ချီးကျုးဂုဏ်ပြုစကား ပြောကြားလိုက်ပြီး ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရက်တစ်မြန်မာနိုင်ငံ ပေါ်ပေါက်ရေးအတွက် နှစ်ပေါင်းများစွာ ကိုယ်ကျိုးစွန့်အနစ်နာခံကာ မဆုတ်မနစ် ကြိုးစားအားထုတ်ခဲ့မှု အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိုဘားမားက ချီးကျူးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားဆိုပါတယ်။
အမေရိကန်သမ္မတ အိုးဘားမားဟာ မြန်မာသမ္မတဦးသိန်းစိန်ကိုလည်း တယ်လီဖုန်းခေါ်ပြီး စိန်ခေါ်မှုတွေ ကြားက ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးခဲ့တဲ့အတွက် ချီးကျူးစကား ပြောခဲ့ပါတယ်။











