
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ သူ့ရဲ့ ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူ ကင်မ်ဂျူအဲကို အရိုက်အရာ ဆက်ခံမဲ့ သူအဖြစ် သတ်မှတ်ထားကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီ NIS က ထပ်ပြီး အတည်ပြုပါတယ်။
ဒါဟာ တံခါးပိတ်ပြုလုပ်ခဲ့တဲ့ အစည်းအဝေးတခုအပြီး ထုတ်ပြန်ချက်အရ NIS အမျိုးသား ထောက်လှမ်းရေးအေဂျင်စီကနေ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေကို လွှတ်တော်အမတ် တွေဆီ တင်ပြပေးခဲ့တာပါ။
NIS ရဲ့ အကဲဖြတ်ချက်ဟာ အခြေအနေအရ မှန်းဆထားတာမျိုး မဟုတ်ဘဲ " ခိုင်လုံတဲ့ ထောက်လှမ်းရေး သတင်းတွေ" အပေါ်မှာ အခြေခံထားတာလို့ ဆိုပါတယ်။
မကြာသေးခင်ကပဲ ကင်မ်ရဲ့ သမီးဖြစ်သူကိုယ်တိုင် တင့်ကားမောင်းနေတဲ့ ပုံရိပ်တွေဟာ စစ်ရေး စွမ်းရည်ပေါ်လွင်စေဖို့နဲ့ အမျိုးသမီး တယောက်ရဲ့ အရိုက်အရာဆက်ခံနိုင်ခြေအပေါ် သံသယရှိနေ တာတွေကို ပပျောက်စေဖို့ဖြစ်ကြောင်း ဖော်ပြ ထားပါတယ်။
အသက် ၁၃ နှစ်လောက် ရှိပြီလို့ ယူဆခံထားရတဲ့ ကင်မ်ဂျူအဲနဲ့ ပတ်သက်ပြီး နောက်ဆုံး သုံးသပ်ချက်က ဖခင်ဖြစ်သူရဲ့ နေရာမှာဆက်ခံနိုင်ဖို့ ပျိုးထောင်နေတယ်ဆိုတဲ့အချက်ကို ပိုမို သေချာ လာစေခဲ့ပါတယ်။
တကယ့်လက်တွေ့အားဖြင့် မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းမှာလည်း ကင်မ်ဂျူအဲကို ဒုတိယ အာဏာအရှိဆုံးသူအဖြစ် သတ်မှတ်ဆက်ဆံနေကြတယ်လို့ ထောက်လှမ်းရေးအေဂျင်စီက ထုတ်ပြောထားပါတယ်။
ဒါကြောင့် ကင်မ်ရဲ့ ညီမဖြစ်သူ ကင်မ်ယိုးဂျုံက ကင်မ်ဂျူအဲအပေါ် အာရုံစိုက်နေကြတာကို မနှစ်မြို့တာမျိုး ဖြစ်နိုင်ပေမဲ့လည်း သီးခြားလွတ်လပ်တဲ့ အာဏာတော့ ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။
တချိန်တည်းမှာ အမျိုးသားပြန်လည်ပေါင်းစည်းရေး ကိုရီးယားအင်စတီကျုရဲ့ လေ့လာသူ ဟုန်မင်း ကတော့ ကင်မ်ဂျူအဲတင့်ကားပေါ်မှာ ပေါ်လာရုံနဲ့တင် သူ့ကို ဆက်ခံမဲ့သူအဖြစ် ကောက်ချက် ချဖို့ရာ မလုံလောက်ဘူးဆိုပြီး သုံးသပ်ထားပါတယ်။
၂၀၁၀ ပြည့်လွန်နှစ်တွေမှာ ကင်မ်ဂျုံအန်းကို ခေါင်းဆောင်ဖြစ်လာအောင် ပျိုးထောင် ပေးနေချိန် တုန်းကနဲ့ မတူဘဲ ကင်မ်ဂျူအဲဟာ သူတယောက်တည်းထက် ဖခင်ဖြစ်သူနဲ့အတူ ပွဲတက်ရောက်လေ့ ရှိကြောင်း ထောက်ပြသွားပါတယ်။
Source:Reuters










