DVB Logo
Home
မြန်မာသတင်း
ပအိုဝ်းနှင့် ချင်းတပ်ဖွဲ့ကို ယူအန်အက်ဖ်စီ အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့
DVB
·
November 13, 2015
ပအိုဝ်းနှင့် ချင်းတပ်ဖွဲ့ကို ယူအန်အက်ဖ်စီ အဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့
1 / 2
Donate to DVB

အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ် (အန်စီအေ) စာချုပ် လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို) နဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) တို့ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) က အဖွဲ့ဝင်အဖြစ်ကနေ ယာယီဆိုင်းငံ့ထားလိုက်ပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပတဲ့ ယူအန်အက်ဖ်စီ ဗဟိုကော်မတီ တိုးချဲ့အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တာဖြစ်ပြီး အဲဒီအဖွဲ့ ၂ ဖွဲ့ဟာ အဖွဲ့အစည်းရဲ့ ရပ်တည်ချက်ကို မလိုက်နာလို့ဖြစ်တယ်လို့ ယူအန်အက်ဖ်စီ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောပါတယ်။

“အကြောင်းအရင်းကတော့ ကျနော်တို့မှာ အခြေခံမူတွေ ရှိသလိုပဲ ကျနော်တို့ အစည်းအဝေး အဆင့်ဆင့်တွေမှာ အတူတကွ သဘောတူ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေ ရှိပါတယ်။ အဲဒီအခြေခံ သဘောတူ ဆုံးဖြတ်ချက်တွေ အပေါ်မှာရော၊ အခြေခံမူအပေါ်မှာရော တချို့နေရာတွေမှာ လွဲချော်ပြီးတော့ တင်ကြိုညှိနှိုင်း သဘောထားယူခြင်းမရှိဘဲ သူ့ဘာသာ ဆုံးဖြတ်ပြီးတော့ ကျနော်တို့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ်ဆိုတာက ကျနော်တို့ အားလုံးက အတူတကွ ရေးဆွဲပြီးတော့ သဘောတူထားခဲ့တဲ့ စာချုပ်ဖြစ်တယ်လေ။ ဆိုတော့ အားလုံး ကျနော်တို့မြင်ချင်တဲ့ အဖွဲ့အစည်းတွေ ပါဝင်သင့်တယ်လို့ အများက သဘောတူထားတဲ့ အဖွဲ့စည်းတွေ မပါခင်မှာ စောပြီးတော့ လက်မှတ်မရေးထိုးဖို့၊ ရေးထိုးရင် ညီညွတ်ရေးကို ပျက်ပြားစေမယ်ဆိုတဲ့ သဘောထားမျိုးကို ကျနော်တို့ တလျှောက်လုံး ဆွေးနွေညှိနှိုင်းခဲ့ကြတယ်၊ သဘောတူခဲ့ကြတယ်ပေါ့လေ။ ကျနော်တို့ သဘောတူဆုံးဖြတ်ချက်ကို ကြိုတင်ညှိနှိုင်း သဘောတူညီခြင်း မရှိဘဲ သူတို့ဘာသာသူတို့ ဆုံးဖြတ်တဲ့အတွက် ယူအန်အက်ဖ်စီမှာ အများစု ကျန်ခဲ့တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေကတော့ ဒါကို ယာယီခဏ ဆိုင်းထားသင့်တယ်လို့ အမြင်သဘောထား တင်ပြတဲ့အပေါ်မှာ ဆိုင်းငံ့ထားခြင်းဖြစ်တယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့ဝင်အဖြစ် ဆိုင်းငံ့ထားခြင်းခံရတဲ့ ချင်းအမျိုးသားတပ်ဦးက အထွေထွေအတွင်းရေးမှူး ဒေါက်တာရွှေခါးကတော့ လာမယ့် ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်မယ့် ယူအန်အက်ဖ်စီ ကော်မတီအစည်းအဝေးမှာ ပြန်ရှင်းပြဖို့ရှိကြောင်း ခုလိုပြောပါတယ်။

“ဒါကတော့  အစည်းအဝေး ဆုံးဖြတ်ချက်ဆိုတော့ ကျနော်တို့ကတော့  ဆက်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ ဆက်လက်ပြီးတော့ တည်ရှိဖို့ သိပ်ကိုအရေးကြီးတယ်လို့  အခုထက်ထိပဲ ကျနော်တို့ ယူဆတာပေါ့နော်။ ဆိုတော့ လာမယ့် ကော်မတီ အစည်းအဝေးမှာ ကောင်းကောင်းလေး ဆက်ပြီးတော့ ရှင်းပြရမှာပေါ့။ မတူတာတွေကို ခွဲလုပ်ပြီး တူတာတွေကို တွဲလုပ်တဲ့ဟာကိုလည်း ပြန်ပြီးရှင်းပြဖို့ပေါ့။”

ယူအန်အက်ဖ်စီ ကော်မတီ အစည်းအဝေးကို လာမယ့် ဒီဇင်ဘာလ ပထမပတ် သို့မဟုတ် ဒုတိယပတ်ထဲမှာ လုပ်ဖို့ရှိတယ်လို့  ဒေါက်တာရွှေခါးက ပြောပါတယ်။

ယူအန်အက်ဖ်စီကို ၂၀၁၁ ခုနှစ်က လက်နက်ကိုင် တိုင်းသားအဖွဲ့တွေနဲ့ ဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၁၁ ဖွဲ့ ရှိပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံး၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသားတပ်ဦး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ဝ အမျိုးသားအစည်းအရုံး၊  လားဟူဒီမိုကရက်တစ်အစည်းအရုံး၊ ရခိုင်အမျိုးသားညီညွတ်ရေးပါတီတို့ ဖြစ်ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အို)၊ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို)၊  တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (ပီအက်စ်အယ်လ်အက်ဖ်)၊ လားဟူဒီမိုကရက်တစ်ယူနီယံ (အယ်လ်ဒီယူ)၊ ရခိုင်အမျိုးသားကောင်စီ (အေအယ်လ်ပီ)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (ဒဗလျူအန်အို)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု (အမ်အန်ဒီအေအေ) တို့ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးကတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အဖွဲ့ဝင်ကနေ ဆိုင်းငံ့ထားပြီး အခု ပအိုဝ်းနဲ့ ချင်းတပ်မတော်တို့ကို ယူအန်အက်ဖ်စီက အဖွဲ့ဝင်ကနေ ဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013