DVB Logo
Home
မြန်မာသတင်း
သတ်ဖြတ်ခံရသည့် မြန်မာမိန်းကလေး ဆွေမျိုးမိဘနှင့် အဆက်အသွယ်မရ
DVB
·
November 13, 2015
သတ်ဖြတ်ခံရသည့် မြန်မာမိန်းကလေး ဆွေမျိုးမိဘနှင့် အဆက်အသွယ်မရ
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မှာ လွန်ခဲ့တဲ့အပတ်က အပိုင်း ၇ ပိုင်းဖြစ်အောင် ခုတ်ထစ်သတ်ဖြတ်ခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား မိန်းကလေး နန်းဆောင် မလိ ထိုင်းယိုင် ဆိုသူဟာ ခုထက်ထိ ဘယ်ဆွေမျိုး မိဘဆီကမှ အဆက်အသွယ် မရသေးဘူးလို့ ဘန်ကောက် လူမှုကူညီရေးအဖွဲ့က ပြောပါတယ်။

သေဆုံးသူရဲ့ နိုင်ငံကူးလက်မှတ်ပါ အမည်မှာ နန်းဆောင် မလိ ထိုင်းယိုင် (ရှမ်း) လို့ ဖော်ပြထားတဲ့အတွက် ဘန်ကောက် ရှမ်းလူမှုအဖွဲ့အစည်းက နာရေးကိစ္စ စီစဉ်ပေးဖို့ စီစဉ်နေပေမယ့်  ဆွေမျိုးမိဘ အဆက်အသွယ် မရသေးတာကတကြောင်း၊ သေသူရဲ့ အစိတ်အပိုင်းအားလုံး ပြည့်စုံအောင် ရှာမတွေ့သေးတာကြောင့် အသုဘချလို့ မရသေးဘူးလို့ တုမ်းတွန့်တိုင်း ရှမ်းအဖွဲ့က နန်းနုမ်မောဝ်းမှ ဒီဗွီဘီကို ပြောပါတယ်။

"သူ့ရဲ့နာရေးကိစ္စလုပ်ဖို့ လောလောဆယ် မိဘဆွေမျိုးတွေကို ဆက်သွယ်လို့ မရသေးပါဘူး။ ပတ်စပို့မှာ မျိုးရင်းနာမည်က ထိုင်းယိုင်လို့ရေးထားပြီး မြန်မာနိုင်ငံသား သထုံကလို့ ဖော်ပြပါတယ်။ လက်မှတ်ထိုးတဲ့ နေရာမှာတော့ သဇင်ဦးလို့ ရေးထားပါတယ်။ သူ ရှမ်းအစစ် ဟုတ်မဟုတ်က အရေးမကြီးပါဘူး။ ဘာလူမျိုးဖြစ်ဖြစ် ကူညီမှာပါ။ ဒါပေမယ့် ၇ ပိုင်း အခုတ်ခံရတာမှာ ရင်အုပ်ပိုင်းတခြမ်း ရှာမတွေ့သေးလို့ ရဲစခန်းက အလောင်းမထုတ်ပေးသေးပါဘူး။ လူသတ်သမားကိုတော့ တရားရုံးက စွဲချက်တင်ပြီးပါပြီ။"

သေဆုံးသူ မိန်းကလေးရဲ့ မိဘဆွေမျိုးတွေကို ဆက်သွယ်နိုင်ဖို့ အဖွဲ့အစည်းက လိုက်လံစုံစမ်းရာမှာ ရည်းစားဖြစ်သူ ထိုင်းလူမျိုးက လျှပ်စစ်မီးဆိုင်ရာ အလုပ်လုပ်ပြီး ရည်းစားဖြစ်တာ မကြာသေးတဲ့အတွက် ဆွေမျိုးအကြောင်း ဘာမှမသိရကြောင်း၊ သူ့ကို သတ်ဖြတ်ခဲ့တဲ့ လာအိုလူမျိုးကတော့ အမှုအခင်းထဲမှာမို့ မေးမြန်းခွင့် မရသေးဘူးလို့ ဆိုပါတယ်။

သူအလုပ်လုပ်ရာ ကာရာအိုကေဆိုင်မှာ သွားစုံစမ်းတော့လည်း အလုပ်ဝင်တာ ၂ လပဲ ရှိသေးလို့ သူ့အကြောင်း ပြောပြနိုင်သူ မရှိပါဘူး။

ပတ်စ်ပို့ထဲမှာပါတဲ့ သူ့ရဲ့အလုပ်ရှင်ကတော့ နခွမ်ဖနွန်ခရိုင် နားထုမ်မြို့ကဖြစ်ပြီး သေဆုံးသူ မိန်းကလေးဟာ အသက် ၇ နှစ်ရွယ်ကတည်းက ထိုင်းကိုရောက်နေတာဖြစ်ကြောင်း၊ ဒီမတိုင်ခင် ထိုင်းလူမျိုးတဦးနဲ့ တရားဝင်လက်ထပ်ပြီး လက်ရှိ အသက် ၇ နှစ်ရွယ် သားတဦးရှိပေမယ့် အဲဒီ ထိုင်းလူမျိုး ခင်ပွန်းနဲ့လည်း တရားဝင်စာချုပ်နဲ့ ပြန်လည်ကွာရှင်းခဲ့ပြီး  ခင်ပွန်း၊ ယောက္ခမနဲ့ သားဖြစ်သူတို့လည်း အဆက်အသွယ်မရှိတာ ကြာပြီလို့ သိရကြောင်း နန်းနုမ်မောဝ်းက ပြောပါတယ်။

သက်ဆိုင်ရာ ဆွေမျိုးမိဘတွေအနေနဲ့ ဒီသတင်းကြားသိတယ်ဆိုရင် ဘန်ကောက် ရှမ်းအဖွဲ့အစည်း ဖုံးနံပါတ် ၆၆၈၁ ၄၃၂၆၇၁၈၊ ၆၆၈၀ ၄၅၅၇၂၉၉၊ ၆၆၈၈ ၈၀၃၀၆၅၉ တို့ကို ဆက်သွယ်အကြောင်းကြားဖို့ ကြေညာထားပါတယ်။

ထိုင်းဥပဒေအရ ပိုင်ရှင်မဲ့အလောင်းတွေကို တနှစ်အထိ ထားခွင့်ရှိပြီး တနှစ်ကျော်မှ သင်္ဂြိုဟ်ခွင့်ရှိပါတယ်။

အသက် ၂၇ နှစ်ရွယ် နန်းဆောဝ်မလိဟာ ဘန်ကောက်ခရိုင် ဘန်ကပိမြို့နယ် ဟိုမတ်ရပ်ကွက် ရမ်ခမ်းဟိုင်လမ်းသွယ် ၅၃ က တိုက်ခန်းတခုမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က အသတ်ခံရတာဖြစ်ပြီး ခေါင်း၊ ကိုယ်နဲ့ ခြေလက်တွေ အပိုင်းပိုင်းဖြစ်နေတာကို တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၇ ရက်နေ့က အဲဒီရပ်ကွက် ဆိုင်ဆက်ပ်ချောင်းထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

လူသတ်မှု ကျူးလွန်သူလို့ ၀န်ခံထားသူမှာ လာအိုနိုင်ငံကလာတဲ့ ရွှေ့ပြောင်းအလုပ်သမား နိုင်းကျိုင်းခင်းခမ်းဆိုသူဖြစ်ပြီး မိန်းကလေးက လက်ထပ်ဖို့ ငြင်းဆန်တဲ့အတွက် ဒေါသအလျောက် လူသတ်မိကြောင်း၊ အရင်က သားသတ်ရုံမှာ အလုပ်လုပ်ခဲ့တာဖြစ်ပြီး ဒီမိန်းကလေးကို ခုတ်ထစ်ဖို့  ၃ နာရီကြာ အချိန်ယူခဲ့ရတယ်လို့ ထွက်ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013