DVB Logo
Home
Lead Story
အမျိုးသားပြန်လည်သင့်မြတ်ရေး ဒုတိယမှတ်တိုင်
DVB
·
November 13, 2015
အမျိုးသားပြန်လည်သင့်မြတ်ရေး ဒုတိယမှတ်တိုင်
Donate to DVB

လူအများ မျှော်လင့်တောင့်တခဲ့ရတဲ့၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးကတော့ အဖုအထစ် အနည်းငယ်မှအပ အိနြေ္ဒသိက္ခာရှိစွာ အောင်အောင်မြင်မြင်ပြီးစီးသွားပါပြီ။ မြန်မာပြည်သူလူထုရဲ့ ဆာလောင်မွတ်သိပ်နေတဲ့ အပြောင်းအလဲအတွက် လိုချင်ဆန္ဒအာသီသ ကိုလည်း ၁၉၉၀ ရွေးကောက်ပွဲတုန်းကလိုဘဲ အတုံးလိုက် အတစ်လိုက် ထင်ထင်ရှားရှား ထပ်တွေ့ရပြန်ပါတယ်။

တနည်းအားဖြင့်ပြောရရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ဒီမိုကရေစီလမ်းမကြီးထက်မှာ ဒုတိယအကြိမ် ခြေလှမ်းတဖက် ထပ်နင်းလိုက်ပြန်တာပါဘဲ။ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ပထမအကြိမ်ချခဲ့တဲ့ခြေလှမ်းကိုတော့ စစ်အာဏာရှင်တွေ ဆွဲချလို့ စစ်နွံထဲပြန်ကျပြီး နှစ်ပေါင်း ၂၅ နှစ် ဆင်းရဲဒုက္ခကြီးစွာ ငရဲခံခဲ့ရပြီးပါပြီ။

အခွင့်ထူးခံလူနည်းစုတချို့ ထားစရာမရှိအောင်ချမ်းသာကြွယ်ဝသွားစေပြီး အဖိနှိပ်ခံ လူများစုကြီးကတော့ စားစရာ မရှိအောင် ဆင်းရဲနုံချာနိမ့်ကျသွားခဲ့တဲ့ကြားက အခု ဒုတိယအကြိမ် မီးပုံထဲကပျံတက်တဲ့ ဖီးနစ်ငှက်လို မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအာသီသကတော့ဖြင့် အံမခန်းလောက်တာမို့ ကမ္ဘာတ၀ှမ်းကတောင် စိတ်ဝင်တစား စောင့်ကြည်နေကြပါပြီ။

ကမ္ဘာဒီမိုကရေစီတတိယလှိုင်းကြီးနဲ့အတူ ၁၉၈၈ ခုနှစ်မှာ သမိုင်းရထားကြီးဟာ ကျယ်လောင်တဲ့ ဥသြသံရှည်ကြီး ဆွဲပြီး မြန်မာနိုင်ငံရဲ့ တပါတီအာဏာရှင်စနစ် ဆန့်ကျင်ရေးမှတ်တိုင်ကို ဆိုက်ရောက်ခဲ့ပါတယ်။ “ရှစ်ရက်၊ ရှစ်လ၊ ရှစ်ဆယ့်ရှစ်၊ သမိုင်းသစ်ကို ဒို့ဖွင့်လှစ်” ဆိုတဲ့ ကြွေးကြော်သံကို ပြည်သူတွေဟာ အားမာန်အပြည့်နဲ့ သံပြိုင်ကြွေးကြော်ခဲ့ကြပါတယ်။ တပြည်လုံး အတိုင်အတာနဲ့ လူတန်းစားပေါင်းစုံ၊ ကျေးလက် တောင်တန်းဒေသမကျန် ပါဝင်ခဲ့ကြလို့ တပါတီစနစ် ချုပ်ငြိမ်းခဲ့ပါတယ်။

အဲဒီနောက်တော့ သမိုင်းရထားကြီးဟာ ၁၉၉၀ ရွေးကောက်ပွဲမှတ်တိုင်၊ ၉၉၉၉ ကိုးလေးလုံးမှတ်တိုင်၊ ၂၀၀၇ ရွှေဝါရောင်မှတ်တိုင်၊ ၂၀၁၀ ရွေးကောက်ပွဲလိမ်မှတ်တိုင်တွေ အစဉ်တိုင်းဆိုက်ရောက်ဖြတ်သန်းခဲ့ ပြီးတဲ့နောက် ပထမအမျိုးသားပြန်လည်သင့်မြတ်ရေး မှတ်တိုင်ကို ၂၀၁၂ ခုနှစ်မှာ ဆိုက်ရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဘောင်းဘီချွတ်အစိုးရအကြီးအကဲ သမ္မတဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံခြင်းကနေ စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၁၃ ရက်နေ့မှာ အဓိကကျတဲ့တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ ကျောင်သား ခေါင်းဆောင်အများစုကို လွှတ်ပေးလိုက်ခြင်းနဲ့ ပထမအမျိုးသား ပြန်လည်သင့်မြတ်ရေး ဘူတာရုံကြီးမှာ မြန်မာနိုင်ငံရဲ့ အဓိကနိုင်ငံရေးအင်အားစု (Stake Holders) တွေ ပြန်ဆုံခဲ့ကြပါတယ်။ တက်သူက တက်၊ ဆင်းသူက ဆင်း၊ လမ်းခုလပ်မှာ ပြုတ်ကျတဲ့သူ ပြုတ်ကျ၊ ရထားကျိတ်ခံခဲ့ရတဲ့သူ ခံရနဲ့ ရှိကြပေမဲ့ သမိုင်းရထားကြီးကတော့ သူ့ခရီးစဉ်အတိုင်း မပျက်မကွက် ဆက်လက်ခုတ်မောင်းခရီးနှင်ခဲ့ပါတယ်။။

ပထမပိုင်းမှာတော့ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ အတော်အသင့် ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်ရေး အုတ်မြစ်ကို ချနိုင်ခဲ့ပါတယ်။ နိုင်ငံပြောင်းလဲရေးမှာ ပါဝင်သင့်ပါဝင်ထိုက်သူ အကုန်မဟုတ်ပေမဲ့ အတိုက်အခံ အင်အားစုအတော်များများကို ထောင်တွေထဲက တတိတိ လွှတ်ပေးခဲ့တယ်။ မီဒီယာ တင်းကျပ်မှုတွေဖြေလျော့ပေးခဲ့တယ်။ ပြည်သူတွေ မထောက်ခံတဲ့ မြစ်ဆုံဆည် စီမံကိန်းကို ယာယီ ရပ်ဆိုင်းပေးခဲ့တယ်။ စတဲ့အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကြောင့် သံသယတွေကြားက ထောက်ခံမှုတချို့ရယူနိုင်ခဲ့တာ မဟုတ်လား။

ဒါပေမဲ့ ဦးသိန်းစိန်သက်တမ်းအတွင်း ပြုပြင်ပြောင်းလဲရေးကာလ အလယ်ပိုင်းနဲ့ နောက်ပိုင်းတွေမှာတော့ အဓိကကျတဲ့ပြောင်းလဲရေးတွေ ဖြစ်တဲ့ တရားဥပဒေစိုးမိုးမှုရှိရေး၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး၊ မြေယာပြဿနာ ကိစ္စရပ်တွေမှာ လုံးဝနီးပါး မဖြေရှင်း မပြောင်းလဲ နိုင်တဲ့အပြင် လူနည်းစုအခွင့်ထူးခံတွေကို ကာကွယ်ရင်း ဆင်းရဲသားပြည်သူတွေကို သတ်ဖြတ်နှိပ်ကွပ် ဖမ်းဆီးတာတွေ ပြန်လုပ်၊ မီဒီယာသမားတွေကို ရန်လုပ်ပြီး နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။

ပြည်သူလူထုနဲ့ ဦးသိန်းစိန်တို့ကို ပိုမိုဝေးကွာသွားစေအောင် ကျူးလွန်ခဲ့တဲ့ အမှားတွေ ကတော့ လူမျိုးရေးနဲ့ ဘာသာရေးမုန်းတီးမှုတွေ မီးလောင်ရာ လေပင့်ပြီး သူတို့ကို ထောက်ခံလာအောင် ညီညွတ်မှု ပြိုကွဲစေတဲ့ ဘာသာရေးနဲ့ လူမျိုးရေးကို အသုံးချလာမှုရယ်၊ ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားတွေကို ကတိတွေ ပေးပြီးမှ နိုင်ငံရေးသိက္ခာမဲ့စွာ ရိုက်နှက်ဖမ်းဆီးထောင်ချခဲ့မှုတွေပါဘဲ။

နောက်ဆုံး ကျူးလွန်ခဲ့တဲ့အမှားကတော့ အန်စီအေလို့ ခေါ်တဲ့ တပြည်လုံးအပစ်ရပ်စာချုပ်ကို သူတို့ သက်တမ်းကာလအတွင်း ရယူနိုင်တယ်လို့ ပြသချင်တာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးမပါဘဲ တချို့တ၀က်နဲ့ ဒရောသောပါး လက်မှတ်ထိုးစေခဲ့ တာပါဘဲ။ ဒါပေမဲ့ လက်မှတ်ထိုးတဲ့နေ့မှာဘဲ တိုင်းရင်းသားဒေသအချို့မှာ ယမ်းငွေ့တွေပျံ၊ သေနပ်သံတွေ ညံနေခဲ့တာ မဟုတ်လား။ ဒီတော့ အဲဒီ အပစ်ရပ်စာချုပ်ဟာ ပြည်တွင်းပြည်ပက အသိအမှတ်ပြု မခံရတဲ့ အနှစ်သာရကင်းမဲ့သော အပစ်မရပ်စာချုပ် ဖြစ်ခဲ့တော့တာပေါ့။

စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုရင် ကျေးဇူးအတင်ခံ ချင်တာတို့၊ လက်ဝါးကြီးအုပ်ချင်တာတို့၊ မိမိအကျိုးစီးပွား အထိမခံချင်တာတို့ စတဲ့အတ္တမာနတွေ ခွာချ လုပ်ဆောင်ရမှာပါ။ ရိုးသားမှုကို အခြေခံပြီး တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံ အကျိုးစီးပွား ဖြစ်ထွန်းရေးကို ဦးထိပ်ထားတဲ့ စိတ်စေတနာအပြည့်နဲ့  ဆောင်ရွက်ရမှာပါ။

အတိတ်မှာ ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့။ အခုတော့ ၂၀၁၅ ရွေးကောက်ပွဲကြီးပြီးစီးလို့ ပြည်သူလူထုအများစု အားကိုးယုံကြည်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တနိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရခဲ့ပြန်ပါပြီ။ သမိုင်းရထားကြီးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒုတိယမှတ်တိုင်ထဲကို ဥသြဆွဲလို့ ကမ္ဘာသိမြန်မာသိ ဆိုက်ရောက်လာခဲ့ပါပြီ။

ကျနော်တို့ အားလုံးရဲ့ ပခုံးပေါ်ကျရောက်လာတဲ့ နောက်ထပ်သမိုင်းပေး တာဝန်တရပ်ကတော့ အမှားအတွက် စိုးရွံ့သူတွေနဲ့၊ ခံခဲ့ရပေါင်းများလို့ သံသယရှိသူတွေကြား မှာရှိတဲ့ အဟ (gap)ကို ဖြည့်နိုင်သမျှ ဖြည့်ပေးပြီး၊ သူတို့အားလုံး အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ် ရိုးရိုးသားသား တက်လာကြစေဖို့ပါဘဲ။

ငြိမ်းချမ်းရေးသမား ဆရာကြီးဒဂုန်တာရာပြောတဲ့ နိုင်ငံရေးမှာ ရန်သူမရှိ မိတ်ဆွေဘဲ ရှိတယ်ဆိုတဲ့ စကားဟာ အင်မတန်တန်ဖိုးရှိပြီး လေးနက်လှပါတယ်။ နိုင်ငံရေးဆိုတာ လူသားအားလုံးရဲ့ အရေးမို့ လူသားအချင်းချင်း အပြန်အလှန်မေတ္တာထား၊ အပြန်အလှန်လေးစား၊ အပြန်အလှန်ခွင့်လွှတ်နားလည်လို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲအဖြေရှာကြရမှာ မဟုတ်လား။

ဒီနေရာမှာ ဥပမာပေးလိုတာက အနာ့ပဆုပ်ဆိုတဲ့ ရောဂါဆိုးကြီးစွဲကပ်နေတဲ့ လူနာတဦးကို၊ နက်ရှိုင်းစွာ လှိုက်စားနေတဲ့ အဲဒီအနာကြီးကို လှီးဖြတ်ပြီး ကုလို့ မရပါဘူး။ အနာကို ဆေးကြောပြီး၊ ဆေးရည်စိမ်ထားတဲ့ ဂွမ်းလိပ်တွေ အနာပေါက်ထဲ သွတ်သွင်းမှူတွေ အကြိမ်ကြိမ်လုပ်ပြီး အသားနုတက်လာအောင် ဖြည်းဖြည်းချင်း ကုယူရပါတယ်။ ကုစားလို့မရတဲ့ အသားအဆွေးအမြေ့ အစတွေကတော့ အနာဖေးတက်၊ ခြောက်ကပ်ပြီး ကွာကျကုန်တာဓမ္မတာပါ။

အဲဒီလိုပါဘဲ နာတာရှည်နိုင်ငံရေး အနာ့ပဆုပ်ပေါက်နေတဲ့ မြန်မာနိုင်ငံရဲ့ညီညွတ်ရေး ခရီးကြမ်းကြီး သာယာဖြောင့်ဖြူးဖို့၊ ပြည်ထောင်စုစိတ်ဓာတ် ဆေးရည်စိမ်ထားတဲ့၊ အပြုသဘောဆောင်တဲ့လုပ်ကိုင်မှု ဂွမ်းလိပ်တွေ အကြိမ်ကြိမ် ထည့်သွင်းခြင်းနဲ့ ယုံကြည်မှု၊ ညီညွတ်မှုဆိုတဲ့အသားနုတွေ တက်လာအောင် လုပ်ယူရမှာ ဖြစ်ပါတယ်။ လုံးဝ ကုလို့မရတဲ့ အစွန်းရောက်သူတွေ၊ မိုက်မဲသူတွေဟာ အသားပုတ် အသားဆွေးတွေလို ခြောက်ကပ်ပြီး အနာဖေးတက် ကွာကျသွားပါလိမ့်မယ်။

ဒါကြောင့် လက်ရှိအစိုးရ၊ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တကွ မြန်မာပြည်သူပြည်သား အားလုံးကို မေတ္တာရပ်ခံလိုတာက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းခြမ်းရေးဟာ တတိုင်းတပြည်လုံး အရေး၊ အားလုံးရဲ့ အရေးဖြစ်တာမို့ ပုဂ္ဂိုလ်စွဲ ကင်းကင်း၊ အာဃာတ ရှင်းရှင်း ထားလို့၊ ဒုက္ခပင်လယ်ဝေပြီး ငရဲတွင်းထဲကျသလို ခံစားနေရတဲ့ အားလုံးသောနိုင်ငံသားတွေနဲ့ အမိမြန်မာနိုင်ငံတော်ရဲ့ အကျိုးကိုသာ ရှေ့တန်းတင်ကြဖို့၊ ပြည်ထောင်စု စိတ်ဓာတ်ကို လက်တွေ့ ကျင့်သုံးကြဖို့  အလေးအနက်တိုက်တွန်းလိုပါ တယ်။

သမိုင်းရထားကြီးကတော့ ဥသြသံဆွဲလို့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒုတိယဘူတာမှာ ဆိုက်လို့နေပါပြီ။ သံသယတွေ ဖျောက်နိုင်ကြပါစေ- သံသယတွေ ပျောက်နိုင်ကြပါစေ။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ကိုယ်တိုင်းပြည်အတွက် ကောင်းသောကံများ ပြုနိုင်ကြပါစေ- အစိုးရနဲ့ ဒီမိုကရေစီအင်အားစု၊ နှစ်ဖက်စလုံး အာဃာတတိမ်သလ္လာကင်းလို့ နိုင်ငံရေးအမြင် ရှင်းကြပါစေ။ သက်ဆိုင်သူအားလုံး အမျိုးသားပြန်လည်သင့်မြတ်ရေး ဒုတိယမှတ်တိုင်မှသည် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးမှတ်တိုင်၊ ဖွံ့ဖြိုးတိုးတက်ရေး မှတ်တိုင်များဆီသို့ အတူတကွ လိုက်ပါနိုင်ကြပါစေလို့ ဆန္ဒပြုတိုက်တွန်းလိုက်ရပါကြောင်း။

မင်းကောင်းချစ်

နိုဝင်ဘာလ (၁၀) ရက်နေ့  ၂၀၁၅ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013