DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲဝင် ကရင်ပါတီများ ရှုံးနိမ့်
DVB
·
November 13, 2015
ရွေးကောက်ပွဲဝင် ကရင်ပါတီများ ရှုံးနိမ့်
Donate to DVB

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကရင် တိုင်းရင်းသား ကိုယ်စားပြုပါတီတွေ ရှုံးနိမ့်ခဲ့ကြပါတယ်။

ကရင်တိုင်းရင်းသားကိုယ်စားပြု ပါတီကြီးတခုဖြစ်တဲ့ ကရင်ပြည်သူ့ပါတီဟာ တိုင်းနဲ့ပြည်နယ် ၇ ခုက မဲဆန္ဒနယ် ၁၁၇ နေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ရာမှာ အခုချိန်ထိ တိုင်ဒေသကြီး လွတ်တော် ၁ နေရာမှာသာ အနိုင်ရထားပါတယ်။

သံတောင်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစောဂျေအေ၀င်းမြင့် တဦးတည်းသာ အမတ်နေရာရထားပြီး ကျန်သူတွေကတာ့ ရှုံးနိမ့်ခဲ့ကြပါတယ်။

ဒီရွေးကောက်ပွဲမှာ ကရင်တိုင်းသားကိုယ်စားပြု ပါတီကြီးတခုအနေနဲ့ ရှုံးနိမ့်ခဲ့တဲ့အပေါ် ပါတီ ဒု-ဥက္ကဋ္ဌ  ဦးစောစေးဝါးက လွှတ်တော်မှာနေရာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အမျိုးသားရေးအတွက် ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

“လွှတ်တော်မှာ နေရာရရ မရရ တို့ပါတီကတော့ ဆက်လက်အသက်ရှင်ရပ်တည်မှာပဲလေ။ အမျိုးသားရေးအတွက် ဆက်လုပ်စရာရှိတာ လုပ်ရမယ်။ ဒါပေမယ့် အခုနက ပြောသလို ဗျူဟာတွေတော့ ပြောင်းရမှာပေါ့။ နည်းဗျူဟာတွေတော့ ပြောင်းရမယ့် သဘောရှိတယ်။ ဘာလို့လဲဆိုတော့ လွှတ်တော်မှာ တအားနည်းတော့ ပြောရဆိုရတာ သိပ်အဆင်ပြေမှာ မဟုတ်တော့ဘူးလေ။ အခြေအနေမကောင်းတော့ အမျိုးသားရေးအတွက် လုပ်တဲ့အခါမှာ လွှတ်တော်အတွင်းမှာ နည်းနည်းတော့ ခက်မယ်။”

နောက်ထပ် ကရင်တိုင်းရင်းသားကိုယ်စားပြုတဲ့ ပါတီတခုဖြစ်တဲ့ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီကတော့ ကရင်ပြည်နယ် ၇ မြို့နယ်လုံး၊ မွန်ပြည်နယ် ကျိုက်မရောနဲ့ အပေါင်မြို့တွေ အမတ်နေရာ ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် တနေရာမှ မရခဲ့ပါဘူး။

ဒီလိုအမတ်နေရာ မရတဲ့ပေါ် ပါတီ ဒု-ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “ကရင်ပါတီတွေမကဘူး တိုင်းရင်းသားပါတီအတော်များများလောက်ကို မရဘူးဖြစ်နေတယ်။ ဒီရွေးကောက်ပွဲမှာ ကျနော်တို့ဘက်က အားနည်းချက်ရှိတယ်လို့ပဲ ၀န်ခံရမှာပေါ့လေ။ နောက်တဖက်ကလည်း သူတို့ရဲ့ အစီအမံတွေက ကြိုတင်ပြင်ဆင်မှုတွေ ကောင်းလို့လည်းပါတယ်။ နောက်လူပုဂ္ဂိုလ် ကိုယ်းကွယ်ချဉ်းကပ်မှုလည်းပါတယ်ပေါ့လေ။ နောက်တခုက ကျနော်တို့ထဲက လူတွေကိုက အပြောင်းအလဲလိုချင်ကြတယ်။ ခင်ဗျားတို့ ဖလုံ-စဝေါ်က အပြောင်းအလဲ လုပ်ပေးနိုင်မလားဆိုတဲ့ မေးခွန်းလည်းအမေးခံရတယ်။ ဆိုတဲ့အခါကျတော့ ကျနော်တို့နဲ့ ကျနော်တို့ကို အနိုင်ရတဲ့ ပုဂ္ဂိုလ်တွေနဲ့ ယှဉ်ရင် ကျနော်တို့က အားနည်းတာပေါ့။ ဒါပေမယ့် ကျနော်တို့က ကျနော်တို့ရဲ့ တိုင်းရင်းသားပေါ်တော့ သစ္စာမဖောက်ဘူး။ အကောင်းဆုံး ကျနော်တို့ လုပ်ပေးခဲ့တယ်။ ကျနော်တို့ တိုင်းရင်းသားတွေက ကျနော်တို့ကို မယုံဘူးဆိုရင်တော့လည်း ကျနော်တို့ မတတ်နိုင်ဘူးပေါ့ဗျာ။”

ဖလုံ-စဝေါ်ပါတီဟာ ကရင်ပြည်နယ် အခြေစိုက်ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတုန်းက ၀င်ရောက်ယှဉ်ပြိုင်ပြီး လွှတ်တော်နေရာတချို့ ရထားတဲ့ပါတီ  ဖြစ်ပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွမှာ လွှတ်တော် အမတ်နေရာ ၂၁ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကရင်အမျိုးသားပါတီကလည်း အခုချိန်ထိ တနေရာမှ မရသေးပါဘူး။

ဒီအပေါ် ပါတီအထွေထွေအတွင်းရေးမှူး ဦးကျော်ငြိမ်းက “ကျနော်တို့ ပါတီတွေကို ပြည်သူလူထုက အားကိုးယုံကြည်မှု နည်းသေးလို့ ဖြစ်မှာပေါ့ဗျာ။ နောက်တော့ ပြောင်းလဲချိန်တန်ပြီ ဆိုတော့ လူတွေက ပြောင်းလဲနိုင်တဲ့လူကိုပဲ ပေးမှာပေါ့။ ကျနော်တို့ နိုင်လို့ ပြောင်းလဲပေးနိုင်တာမှ မဟုတ်ဘဲဟာ။ ကရင်ပါတီတွေ ဆိုပေမယ့်လည်း ကျနော်တို့ ကရင်ပါတီတွေ အကုန်လုံးက ဒီမိုကရက်တစ်အုပ်စု အကုန်ုလုံးလည်း မဟုတ်ဘူးလေ။ အဲဒါကြောင့် ကျနော်တို့ကတော့ ကရင်ပြည်သူလူထုဘက်ကို အပြစ်ဆိုစရာမရှိပါဘူး။ ”

စင်ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသား  စောဂျိုးကတော့ ကရင်ပါတီတွေ ရှုံးနိမ့်ရတာဟာ  လက်ရှိနိုင်ငံရေးအရ ပြည်သူတွေ အပြောင်းအလဲလိုချင်လို့ ဖြစ်တယ်လို့ ပြောပါတယ်။

“အခုလက်ရှိနိုင်ငံရေးအရ သူတို့ရှုံးတယ်ဆိုတာက တနိုင်ငံလုံးအတိုင်းအတာအရ ပြုပြင်ပင်ပြောင်းလဲရေးလုပ်တော့ အကုန်လုံးက အန်အယ်လ်ဒီကိုပေးလို့ အန်အယ်လ်ဒီ နိုင်သွားတာ။ လူတွေအကုန်လုံးက  နီးစပ်ရာမှာ အကုန်လုံးအားပေးကြတဲ့အတွက် ဖြစ်တယ်။  ဒုတိယ ပြောချင်တဲ့အချက် သူတို့ ကရင်ပါတီတွေရဲ့ ရည်မှန်းချက်ကိုက ကရင်အယောက်တိုင်းဆီကို ရောက်အောင် မပေးနိုင်လို့ ရှုံးတယ်လို့ပဲ ကျနော်ပြော ချင်တယ်။”

ဒါ့အပြင် ကရင်​ပါတီမှာ ၀င်​ပြိုင်​တဲ့သူဟာ  ကရင်​​တွေ ကြည်​ညို​လေးစားတဲ့သူ​တွေ ဦး​ဆောင်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့တုန်းက ကိုယ်တိုင် ကရင်တိုင်းရင်းသားဖြစ်ပေမယ့်  အန်အယ်လ်ဒီပါတီကို မဲပေးခဲ့တဲ့ စောသကွီးကလည်း  “ကရင်ပါတီတွေ မနိုင်တာလည်း မပြောနဲ၊ ကရင်ပါတီတွေမှာ ဝင်ရွေးတဲ့ သူတွေက စစ်ထွက် နဲ့ မဆလ ပြုတ်တွေ များတယ်လေ။ ကျနော်တို့ မြို့နယ်မှာဆို ကရင်ပါတီက ဝင်ရွေးတဲ့သူက စစ်ထွက် မဆလပြုတ်၊ ကရင်လူမျိုးသာဖြစ်တယ် ကရင် အကျိုးကို ဘာတခုမှ လုပ်ဖူးတဲ့သူမဟုတ်ဘူး။ ပါတီမှားပြီး ထုမိလို့ အန်အယ်လ်ဒီ တမဲလျောလည်း မနည်းဘူးဆိုပြီး အဘတို့ အတွက်ဝင်ပြိုင်တဲ့ လူကို ကျနော်တို့က ဘယ်လို မျှော်လင့်ချက်နဲ့ မဲပေးရမှာလဲ” လို့ မေးခွန်းထုတ်သွားပါတယ်။

ဒီ ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကရင်ကိုယ်စားပြုပါတီတွေကတော့ ကရင်ပြည်သူ့ပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်နယ်ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ကရင်အမျိုးသားပါတီတို့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013