DVB Logo
Home
နိုင်ငံရေး
“အပြောင်းအလဲတခုတော့ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်” - နိုင်ဟံသာ
DVB
·
November 12, 2015
“အပြောင်းအလဲတခုတော့ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်တယ်” - နိုင်ဟံသာ
Donate to DVB

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  လွှတ်တောာ် နှစ်ရပ်လုံးမှာ နေရာအများဆုံး နဲ့ အနိုင်ရနေပါတယ်။ အန်အယ်ဒီ အစိုးရဖွဲ့နိုင်ရင် တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ ဘာတွေလုပ်ဆောင်မလဲ။ အန်အယ်ဒီအပေါ် တိုင်းရင်းသားတွေရဲ့ အမြင်သဘောထား ဘယ်လိုရှိလဲဆိုတောကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်စီ) ခေါင်းဆောင်တဦးဖြစ်သူ နိုင်ဟံသာနဲ့ မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ အန်အယ်ဒီက အများစုနဲ့ အနိုင်ရနေတဲ့ပေါ် လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

“အန်ကယ်တို့ ၀မ်းသာတယ်။ ဘာကြောင့်လဲဆိုတော့ အပြောင်းအလဲတခုတော့ ဖြစ်လာလိမ့်မယ်လို့ အန်ကယ်တို့ ယုံကြည်တယ်။ သေချာမှာကတော့ ဒီမိုကရေစီ အခွင့်အရေးတွေ တိုးလာမယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း အလေးထားပြီးတော့ လုပ်ဆောင်မယ်လို့လည်း ဒေါ်စု ပြောထားတယ်လေ။ အဲဒီအပေါ်မှာ ဒို့လည်း ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း တိုင်းရင်းသားတွေနဲ့ သဘောတူထားသလို သူ့အနေနဲ့ အဲဒီအပေါ်မှာ ဆန္ဒရှိတယ်။ အဖေရဲ့ ကတိပြုထားတဲ့ အချက်တွေကို သူကလည်း ထပ်မံပြီးတော့ အကောင်အထည် ဖော်လိမ့်မယ်လို့ ယုံကြည်တယ်။ အဲဒီတော့ ကျနော်တို့နိုင်ငံအနေနဲ့ အပြောင်းအလဲဘက်ကို ဦးတည်တဲ့အလားအလာ တော်တော်လေး ကောင်းတယ်လို့ အန်ကယ်တို့ အဲလိုမြင်တဲ့ပေါ်မှာ ၀မ်းသာတယ်။”

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အန်အယ်လ်ဒီပါတီက အစိုးရဖြစ်လာမယ်ဆိုရင် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

“အန်ကယ်တို့ကတော့ ဒါခန့်မှန်းတာပဲလေ။ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အန်အယ်တို့နဲ့လည်း မကြာမကြာ တွေ့ခဲ့ဖူးပါတယ်။ တခြား တိုင်းရင်းသားတွေနဲ့လည်း အရင်ကဆိုရင် ဒီ စီအာပီပီ အနေနဲ့ပေါ့လေ၊ သူတို့ လက်တွဲလုပ်ဆောင်ခဲ့တာလည်းရှိတယ်။ တိုင်းရင်းသားတွေရဲ့အရေး၊ တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို သူတို့လည်း တော်တော်လေး နားလည်ပါတယ်။ အဲဒီတော့ အလားအလာကတော့ ကောင်းလာလိမ့်မယ်လို့ ယုံကြည်တယ်။”

တကယ်လို့ ခု အနိုင်ရတဲ့ အန်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲ ၀င်သွားပြီဆိုရင် ရွေးကောက်ပွဲအလွန် နောင်လာမယ့် လွှတ်တော်သက်တမ်းမှာ လွှတ်တော်ရဲ့ အခင်းအကျင်းက ဘယ်လိုတွေ ဖြစ်လာနိုင်မလဲ။

“လောလောဆယ် ကိုယ်စားလှယ်အရေအတွက်အရ အန်အယ်လ်ဒီက တော်တော်လေးကို များများစားစားရထားတဲ့ အနေအထားတော့ ဖြစ်နေတယ်။ အဲဒီအခြေအနေမှာကတော့ အထိုက်အလျောက်တော့ ကောင်းလာလိမ့်မယ်လို့တော့ ယုံကြည်တယ်။ ဒါပေမယ့် အပြည့်အ၀တော့ ယုံကြည်လို့ မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံက ကာထားတော့ အဲဒါကို ဖြတ်ကျော်ဖို့၊ ပြင်ဆင်ဖို့လည်း လွယ်မယ့်ကိစ္စတော့ မဟုတ်ဘူးလေ။ အဲဒါကြောင့်ပါ။ အများကြီးလည်း မမျှော်လင့်ရဲပါဘူး။”

အခုရွေးကောက်ပွဲရလဒ်တွေ ကြည့်မယ်ဆိုရင် အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီကပဲ ပထမနဲ့ ဒုတိယ ပြေးနေတယ်။ ကျန်တဲ့ တိုင်းရင်းသားပါတီနေရာ သိပ်မရဘူးပေါ့နော်။ တိုင်းရင်းသားပါတီက လွှတ်တော်နေရာ မရဘူးဆိုရင် ငြိမ်းချမ်းရေးဖြစ်စဉ်ပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။

“ဒါကလည်း တိုင်းရင်းသားတွေလိုင်းကနေ ကြည့်မယ်ဆိုရင်တော့ သိပ်တော့ ဆန္ဒပြည့်တဲ့ အနေအထားတော့ မရှိဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ပါတီကြီး ၂ ခုကြားမှာ ဒေါ်အောင်ဆန်းစုကြည်တို့ အန်အယ်လ်ဒီဆိုရင် တိုင်းရင်းသားတွေရဲ့ အရေးကို ပိုပြီးတော့မှ နားလည်တယ်လို့တော့ ခံယူတယ်။ သူတို့လည်း ပြည်တွင်းစစ်ရဲ့ အခြေအနေကို သူတို့လည်း နားလည်တယ်။ အဲဒါကို ပြေလည်အောင် သူတို့ကတော့ လုပ်ဖို့ ပိုပြီး ဆန္ဒရှိတယ်လို့ ခံယူတယ်။ အဲဒီအတွက်လည်း ၀မ်းသာပါတယ်။”

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောင်တက်လာမယ့် အစိုးရသစ်နဲ့ ဆွေးနွေးဖို့ အန်ကယ်တို့ ဘာတွေ ပြင်ဆင်ထားပြီလဲ။

“အန်ကယ်တို့ကတော့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဟာ အရေးကြီးတယ်။ နောက်တက်လာမယ့် ဒီအစိုးရသစ်ကလည်း ဒါကို အကောင်အထည် ဆက်ဖော်လိမ့်မယ်လို့တော့ ယုံကြည်တယ်။ အန်ကယ်တို့လည်း အခွင့်အရေးရရင် ရသလို အသစ်ဖွဲ့စည်းလာမယ့် အစိုးရနဲ့ ဒီကိစ္စကို ဆက်လက်ပြီးတော့မှ ညှိနှိုင်းဆွေးနွေးသွားဖို့ ဆန္ဒရှိပါတယ်။”

အခုလောလောဆယ်ကော ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး အန်ကယ်တို့ ဘာတွေ ဆက်လုပ်ဆောင်တာတွေရှိလဲ။

“အခုထိတော့ မရေရာသေးပါဘူး။ တဘက်ကလည်း အန်ကယ်တို့မှာ ၈ ဖွဲ့က လက်မှတ်ထိုးလိုက်တယ်။ ကျန်တဲ့အဖွဲ့က ကျန်သေးတယ်။ နောက်တက်လာမယ့် အစိုးရကလည်း ဘယ်လိုနေမလဲ မပြောတတ်ဘူး။ အဓိကကတော့ နောက်အစိုးရအပေါ်မှာ အများကြီး မူတည်တယ်လေ။”

ဒီဗွီဘီကနေ တခြားဘာပြောချင်တာ ရှိဦးမလဲ။

“အခုလို အန်အယ်လ်ဒီက အနိုင်ရနိုင်တဲ့ ရလဒ်တွေ ရတဲ့အနေအထားအပေါ်မှာ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီ အခွင့်အရးကတော့ အထိုက်အလျောက်တော့ တိုးတက်လာမယ်လို့တော့ ယုံကြည်တယ်။ ဒါပေမယ့် တဘက်ကကြည့်ရင် တိုင်းရင်းသားတွေရဲ့ ပြဿ နာတွေကို မဖြေရှင်းနိုင်ရင် ဒီမိုကရေစီကိုလည်း အကောင်အထည်ဖော်ဖို့ လွယ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီ အခွင့်အရေးနဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကတော့ ဆက်စပ်မှုရှိနေတယ်။ အဲဒါကြောင့်ပါ။ တဘက်က အန်ကယ်တို့ တိုင်းရင်းသားတွေရဲ့ အရေးကို အဓိက တာဝန်ယူနေရတဲ့ အဖွဲ့ဆိုတော့ အန်ကယ်တို့လည်း ကြိုးစားမယ်။ တဘက်ကလည်း ဒီမိုကရေစီအရေးကို ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတွေ၊ ပြည်သူတွေကလည်း တဘက်က ကြိုးစားပေါ့လေ။ အားလုံးကနေ ပြီးတော့မှ ၀ိုင်းဝန်းကြိုးစားသွားဖို့၊ ဟန်ချက်ညီညီနဲ့ ကြိုးပမ်းသွားဖို့ အဲလိုတော့ တင်ပြလိုပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013