
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက် အပါအဝင် ကွင်းမွေးနဲ့ ဦးဖိုးရှိန်းလမ်း အနိမ့်ပိုင်းဧရိယာတွေမှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေနုတ်မြောင်းတွေ ရေမဆင်းနိုင်တဲ့အတွက် မိုးရေတွေတက်လာကာ ရေဘေးဒုက္ခနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။
ဇူလိုင် ၂၈ ရက် ညပိုင်းက စတင်ကာ ရေတွေ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ရေနိမ့်ပိုင်းရပ်ကွက်တွေမှာ နေအိမ်တွေ၊ အိမ်သာတွေ ရေနစ်မြုပ်တဲ့အထိ အခြေအနေ ပိုမိုဆိုးဝါးနေပါတယ်။
ဇူလိုင် ၂၉ ရက်အထိ ရေပြန်မကျသေးတာကြောင့် အကူအညီလိုအပ်နေပြီး တချို့နေရာတွေမှာ ဒေသခံတွေက လှေကို အသုံးပြု သွားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်းစိန်ဒေသခံတယောက်က “အုတ်ရေတွင်း၊ ဦးဖိုးရှိန်းလမ်း၊ အဏ္ဏဝါလမ်းနဲ့ ကွင်းမွေး ၁ လမ်းကနေ ၇ လမ်းထိ အနိမ့်ပိုင်းက အိမ်တွေ အကုန်လုံး ရေနစ်မြုပ်နေတာပါ။ လက်ရှိအချိန်ထိ ရေက ပြန်မဆင်းသေးဘဲ ဒီနေ့ထိ မိုးထပ်ရွာရင်တော့ အခြေအနေ ပိုဆိုးသွားနိုင်ပါတယ်” လို့ ပြောပါတယ်။
အင်းစိန်နဲ့ ရွှေပြည်သာမြို့နယ်တွေက လှိုင်မြစ်နဲ့ နီးစပ်တာကြောင့် တောင်ကျရေနဲ့ ဒီရေအတက်အကျစနစ်တွေရဲ့ သက်ရောက်မှုကို မကြာခဏ ကြုံတွေ့လေ့ရှိတဲ့အတွက် စေတနာ့ဝန်ထမ်းတွေအနေနဲ့ မကြာခဏ သတိပေးလေ့ရှိတဲ့ မြို့နယ်တွေဖြစ်ပါတယ်။
အထူးသဖြင့် တောင်သူကုန်းရပ်ကွက်၊ ကွင်းမွေး၊ ဦးဖိုးရှိန်းလမ်းနဲ့ အဏ္ဏဝါလမ်းဝန်းကျင်ရှိ အနိမ့်ပိုင်းရပ်ဝန်းတွေဟာ နှစ်စဉ် မိုးရာသီကာလအတွင်း ရေနုတ်မြောင်းစနစ် ပိတ်ဆို့တာနဲ့အတူ ဒီရေတက်ချိန် မိုးသည်းထန်စွာရွာသွန်းမှုတို့ ပေါင်းစပ်မိရင် ရေကြီးရေလျှံမှုဖြစ်ပေါ်လေ့ရှိပါတယ်။
အလားတူ ရွှေပြည်သာမြို့နယ်ထဲမှာရှိတဲ့ စက်ရုံအလုပ်ရုံဝင်းတွေနဲ့ လမ်းမတွေမှာလည်း ရေတွေ လျှံတက်ပြီး ရေနစ်မြုပ်နေတာကြောင့် သွားလာနေရတဲ့ ဒေသခံတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
လက်ရှိမှာတော့ ရေဘေးသင့် ဒေသခံတွေအတွက် ထမင်းထုတ်၊ သောက်ရေနဲ့ စားသောက်ဖွယ်ရာတွေ အရေးပေါ်လိုအပ်နေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ အကူအညီအမှန်တကယ် လိုအပ်နေတဲ့ ရေနိမ့်ပိုင်းနေရာတွေကို လာရောက်ကူညီပေးစေလိုကြောင်း ဒေသခံတွေဆီက သိရပါတယ်။










