DVB Logo
Home
ပညာရေး/နည်းပညာ
ရွာ​ကျောင်း​အတွက် ​ငွေ​ကောက်ပြီး​ စာရင်း​မရှင်း
DVB
·
July 5, 2011
Donate to DVB

ကျောက်ပန်း​တောင်း​မြို့​နယ် လက်ပံပြား​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ ဦး​သန်း​ဝေဟာ မနှစ်နှစ်လယ်ပိုင်း​က ရွာသား​တွေထံက ​ကျောင်း​အတွက်ဆိုပြီး​ ​ငွေသိန်း​သုံး​ဆယ်နီး​ပါး​ ​ကောက်ယူသွား​ပေမယ့်​ အ​ကောင်အထည်မ​ဖော်​သေး​သလို ​ငွေစာရင်း​ရှင်း​တာလည်း​ မလုပ်ဘူး​လို့​ ရွာသား​တွေက ​ပြောပါတယ်။

မနှစ်က ​ကျေး​ရွာ​အေး​ချမ်း​ဖြိုး​ကောင်စီဥက္ကဋ္ဌ ဦး​သန်း​ဝေဟာ ရွာမှာရှိတဲ့​ အထက်တန်း​ကျောင်း​ သိပ္ပံ​ဆောင်အတွက်ဆိုပြီး​ တအိမ်​ထောင်ကို (သုံး​ထောင်ကျပ်) နှုန်း​နဲ့​ အိမ်​ခြေ​ပေါင်း​ ၇၀၀ ခန့်​ဆီက​နေ ​ငွေ​တွေ​ကောက်ခံခဲ့​သလို အနီး​ဝန်း​ကျင်ရွာ​တွေက ထည့်​ဝင်​ငွေ​တွေနဲ့​ဆိုရင် ၂၈ သိန်း​ ရရှိတယ်ဆိုတဲ့​ အ​ထောက်အထား​ကို ရွာသား​တွေက ရရှိထား​ပါတယ်။

ဒီ​ကျောင်း​ဆောင်အတွက် ၁၅၂ သိန်း​ကျသင့်​မှာဖြစ်တယ်လို့​ ဦး​သန်း​ဝေက ဘဏ္ဍာအခွန်ဝန်ကြီး​ ဗိုလ်ချုပ်လှထွန်း​ထံ မနှစ်ဇူလိုင်မှာ တွက်ချက်တင်ပြခဲ့​ပါတယ်။ သူ့​လက်ထဲမှာ ၂၈ သိန်း​ပဲရှိတာ​ကြောင့်​ ကျန်တာကို ​ငွေချ​ပေး​ဖို့​ ဦး​သန်း​ဝေ လက်မှတ်နဲ့​ ဘဏ္ဍာ​ငွေ​တောင်း​စာကို ရွာသား​တွေက ရရှိထား​ပါတယ်။

ဝန်ကြီး​က ​ငွေမချ​ပေး​ပေမယ့်​ ဘိလပ်​မြေ အိတ် ၆၀ ချ​ပေး​တာကိုလည်း​ ဦး​သန်း​ဝေက ကိုယ်ကျိုး​သုံး​လိုက်တယ်လို့​ ဆိုပါတယ်။

ဒီကာလအတွင်း​မှာ အစိုး​ရအ​ပြောင်း​အလဲဖြစ်သလို ရွာသား​တွေထံက ဦး​သန်း​ဝေရဲ့​ ရပ်ရွာအ​ရေး​ မကြည့်​ဘဲ ကိုယ်ကျိုး​ကြည့်​တဲ့​ကိစ္စကို ​ဖြေရှင်း​ပေး​ဖို့​ သက်ဆိုင်ရာကို တင်ပြရာမှာလည်း​ မထိ​ရောက်ဘူး​လို့​ ဆိုပါတယ်။

သူတို့​ကျေး​ရွာမှာ ရပ်ကွက်ငါး​ခုရှိတဲ့​အနက် ဦး​သန်း​ဝေဟာ ရပ်ကွက်မှူး​တဦး​လည်း​ဖြစ်သလို ရွာအုပ်ချုပ်​ရေး​မှူး​လည်း​ ဖြစ်သလို သူ​နေတဲ့​ရပ်ကွက်က ရာအိမ်မှူး​လည်း​ဖြစ်တယ်။ သူ့​ကို ကျန်​လေး​ရပ်ကွက်က ရာအိမ်မှူး​လေး​ဦး​က မြို့​နယ်ပြည်ခိုင်ဖြိုး​ရုံး​မှာ သွား​တိုင်ရာမှာလည်း​ မထူး​ပါဘူး​လို့​ ​ပြောပါတယ်။

ဒီသတင်း​နဲ့​ပတ်သက်လို့​ ဦး​သန်း​ဝေကို ဆက်သွယ်လို့​ မရပါဘူး​။

ဦး​သန်း​ဝေကို ​ကျေး​ရွာလူထုက မနှစ်သက်​ပေမယ့်​ ဦး​သန်း​ဝေဟာ စစ်အစိုး​ရလက်ထက်တုန်း​က ရဝတဥက္ကဋ္ဌ၊​ သမ္မတဦး​သိန်း​စိန်တက်လာ​တော့​လည်း​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ရာထူး​ကို ဆက်တိုက်ရယူထား​ပြီး​ တာဝန်အ​ပြောင်း​အလဲကို ​ကျေး​ရွာလူထုက လိုလား​နေကြတယ်လို့​ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013