DVB Logo
Home
မြန်မာသတင်း
မဟာချိုင်တွင် ကလေးလုပ်သား ၁၆ ဦး အပါအ၀င် မြန်မာ ၇၄ ဦးကို ကယ်ထုတ်
DVB
·
November 11, 2015
မဟာချိုင်တွင် ကလေးလုပ်သား ၁၆ ဦး အပါအ၀င် မြန်မာ ၇၄ ဦးကို ကယ်ထုတ်
1 / 8
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဆမွတ်ဆာခွန်းခရိုင် မဟာချိုင်မှာ ကလေးအလုပ်သမား ၁၆ ဦး အပါအ၀င် လူကုန်ကူးမှုနဲ့ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ မြန်မာ ၇၄ ဦးကို ရဲနဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်း  ကယ်ထုတ်နိုင်ခဲ့ပါတယ်။

မဟာချိုင်မြို့ တိမ်းဘန်းလမ်းက ပုစွန်လုပ်ငန်းခွင်တခုမှာ အလုပ်သမားတွေပေါ် မတရားခိုင်းစေနေတာရှိကြောင်း တိုင်ကြားချက်ရလို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ နိုဝင်ဘာ ၉ ရက် မနက်က သွားရောက်ကယ်ထုတ်ခဲ့တာလို့ အလုပ်သမား အခွင့်အရေး မြှင့်တင်ရေးကွန်ရက် ဖောင်ဒေးရှင်းက မန်နေဂျာ ခွန်ပတီမာ တန့်ပချယားကွန်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီမှာ အလုပ်သမားတွေ မတရားခိုင်းခံနေရတယ်လို့ လင်မယား ၂ ယောက်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့က လာတိုင်ပါတယ်။ ပြီးတော့ မိန်းမဖြစ်သူကို စက်ရုံက အတင်းပြန်ခေါ်သွားတယ်။ ကျမတို့လည်း ဟုတ်မဟုတ်စုံစမ်းပြီး သက်ဆိုင်ရာ အထူးမှုခင်းစုံစမ်းစစ်ဆေးရေးအဖွဲ့၊ နယ်မြေခံရဲ၊ ရေတပ်၊ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တွေနဲ့ အလုပ်ရုံကို သွားစီးနင်းပါတယ်။ အဲဒီမှာ မတရား အလုပ်ခိုင်းစေခံရတဲ့သူတွေရော၊ အသက် ၁၈ နှစ်အောက်၊ ၁၅ နှစ်အောက် ကလေးအလုပ်သမားတွေပါ ကယ်ထုတ်ခဲ့တယ်၊ အားလုံးမြန်မာပြည်ကပဲ။”

အဲဒီစက်ရုံက အလုပ်သမားတွေဟာ မနက် ၂ နာရီကနေ ညနေ ၆ နာရီထိ အလုပ်ဆင်းရပြီး လုပ်အားခ တနေ့ ဘတ်ငွေ ၁၀၀ မှ ၁၅၀ ထိသာရကြောင်း၊ ရရှိတဲ့ လုပ်အားခကိုလည်း  အလုပ်လာအပ်ပေးထားတဲ့ ပွဲစားတွေကို ပြန်ပေးဖို့ အဖြတ်ခံရတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အလုပ်ရှင်က အလုပ်သမားတွေ ထွက်မပြေးနိုင်အောင် အစောင့်တွေလည်း ချထားတယ်လို့ ဆိုပါတယ်။

ကယ်ထုတ်နိုင်ခဲ့တဲ့  မြန်မာအလုပ်သမား စုစုပေါင်း ၇၄  ဦးရှိကာ အသက် ၁၈ နှစ်အောက် ကလေးလုပ်သားက ၂၁ ဦး၊ အသက် ၁၅ နှစ်အောက်က ၃ ဦးရှိကြောင်း၊ အများစုက ဘာလက်မှတ် အထောက်အထားမှမရှိလို့ လတ်တလော သူတို့ကို ကယ်ဆယ်ရေးဂေဟာမှာ ထားရှိပြီး လူကုန်ကူးမှု၊ လ၀ကဥပဒေတွေနဲ့ ငြိစွန်းမှုရှိမရှိ ပြန်လည်စိစစ်နေဆဲပဲလို့ ဆိုပါတယ်။

အလုပ်ရုံကို ၀င်ရောက်စီးနင်းစဉ်က အစပိုင်းမှာ လုပ်ငန်းရှင်မပေါ်ဘဲ နောက်မှထွက်လာပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုအားလုံးကို ၀န်ခံခဲ့တယ်လို့ ခွန်ပတီမာက ပြောပါတယ်။

အလုပ်သမား အခွင့်အရေး မြှင့်တင်ရေးကွန်ရက် ဖောင်ဒေးရှင်းဟာ မဟာချိုင်မှာ အခြေစိုက်ပြီး အလုပ်သမား ကူညီစောင့်ရှောက်ပေးရေးတွေ ဆောင်ရွက်နေရာမှာ ဒီနှစ်ထဲ လူကုန်ကူးမှုနဲ့ အလုပ်သမားအပေါ် ခေါင်းပုံဖြတ်တဲ့ အလုပ်ရုံ ၃ ရုံ ၀င်ရောက်စီးနင်းခဲ့ကာ လုပ်အားခပြဿနာ အပါအ၀င် အခြား အခွင့်အရေး ချိုးဖောက်ခံရသူ အလုပ်သမား ၁၀၀၀ ကျော်ရဲ့ အခက်အခဲတွေ ဖြေရှင်းခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - Labour Rights Promotion Network Foundation (LPN)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013