DVB Logo
Home
Lead Story
ရလဒ်မှန်ကို လက်ခံဖို့ လိုပြီ
DVB
·
November 11, 2015
ရလဒ်မှန်ကို လက်ခံဖို့ လိုပြီ
Donate to DVB

နေပြည်တော်နဲ့ ရန်ကုန်မှာ မနက်စောစောထပြီး လမ်းလျှောက်ခွင့်ရတဲ့ အခြေအနေပေးတာ တခုနဲ့တင် ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပြည်တွင်းပြန်ခရီး တန်တယ်လို့ တွေးမြင်မိတယ်။ ရာသီဥတုကလည်း မြန်မာပြည်မှာ နေထိုင်အကောင်းဆုံး မိုးအကုန် ဆောင်းအကူးကာလ မဟုတ်လား၊ ရန်ကုန်မှာတည်းတဲ့ ကျောက်မြောင်းက ကန်တော်ကြီးနဲ့ မနီးမဝေး တည်ရှိတာကြောင့် ကန်တော်ကြီးပတ် လမ်းလျှောက်ဖြစ်တယ်။ နေပြည်တော်ကျ သပြေကုန်းဈေးနား တည်းဖြစ်တာကြောင့် ကျောက်မျက်ပြတိုက်ဝင်းကြီးပတ်ပြီး လမ်းလျှောက်ဖြစ်ပြန်တယ်။ ပလက်ဖောင်းကျယ်ကျယ် ကားနည်းနည်းပဲရှိတာမို့ နေပြည်တော်မှာ လမ်းလျှောက်ရတာ ပိုကောင်းပြီး ရှူရတဲ့လေလည်း ပိုသန့်ပါတယ်။ သစ်သားတွေနဲ့ချည်း ဆောက်ထားတဲ့ ကန်တော်ကြီးပတ်လမ်းမှာ လမ်းလျှောက်မိတော့ တွေးစရာတွေ နိုင်ငံနဲ့ချီပြီး ပေါ်လာခဲ့ပါတယ်။

သစ်သားနဲ့ဆောက်ထားတဲ့ ကန်တော်ကြီး ကန်ပတ်လမ်းပေါ်ကို ကရ၀ိတ်ဟိုတယ်ဘက်က တက်တော့ အ၀င်ဝမှာ ခါတော်မီ လမ်းလျှောက်ဘောင်းဘီရောင်းနေတဲ့ ကားတစီး စတွေ့ရတယ်။ အနားမှာ လမ်းလျှောက်ဖိနပ် ရောင်းနေသူတဦးလည်း တွေ့ရတယ်။ အ၀င်ဝမှာ ကိုယ်ပိုင်ကား အတော်များများ ရပ်ထားတာလည်း တွေ့ရတာမို့ ကန်တော်ကြီးနဲ့ ဝေးတဲ့နေရာက ပိုက်ဆံတတ်နိုင်သူတွေလည်း ဒီမှာလာပြီး လမ်းလျှောက်ကြပုံပဲလို့ ထင်ရတယ်။ ကန်ပတ်လမ်း  တံတားပေါ်တက်ပြီး လမ်းလျှောက်တော့ အုပ်စုလိုက် လေ့ကျင့်ခန်းလုပ်နေသူတွေ တွေ့ရပေမယ့် ကန်ပတ်လမ်းတလျှောက် လမ်းလျှောက်တဲ့ဦးရေက ပိုများတာ သတိထားမိတယ်။ အသားအရောင်အစုံ၊ အဆင်အသွေးစုံရုံတင် မကဘဲ လမ်းလျှောက်ဒီဇိုင်းစုံတာလည်း သတိထားမိတယ်။ တချို့က လမ်းလျှောက်ဘောင်းဘီ၊ အင်္ကျီ၊  ဖိနပ်နဲ့ ပုံစံကျကျ၊ တချို့က ဘောင်းဘီ၊ အင်္ကျီ ပါပေမယ့် ဖိနပ်က ရိုးရိုးဖိနပ်၊ တချို့က ဟိုနားဒီနား ဈေးသွားသလို ပုဆိုးနဲ့ အကျီ ထဘီနဲ့၊ အင်္ကျီဝတ်ထားကြပြီး လမ်းလျှောက်ကြ၊ လေ့ကျင့်ခန်း လုပ်နေကြတာ တွေ့ရတယ်။ လမ်းလျှောက် လေ့ကျင့်ခန်းလုပ်နေကြသူတွေထဲ တကယ့်ကို ပြေးလွှားပြီး အားကစား ပုံမှန်လုပ်လေ့ရှိတဲ့ ခန္ဓာကိုယ်အချိုးအစားရှိသူတွေ ပါဝင်ပေမယ့် အများစု ကျားကျားမမ ၅၀ နဲ့ ၅၀ ကျော်တန်းတွေကတော့ ဗိုက်ကလေးတွေကိုယ်စီနဲ့ပါ။ သွေးတိုး၊ ဆီးချိုလေးတွေ ကိုယ်စီရှိလာခါမှ ထပြီးပဲ လမ်းလျှောက်လျှောက်၊ လမ်းလျှောက်တာ ကျန်းမာရေးနဲ့ ညီညွတ်တာပါပဲ။ အထူးဆုံး သတိထားမိလိုက်တာကတော့ ကန်ပတ်လမ်းတံတားဟာ အခင်းကြမ်းတုံးတွေ မညီမညာဖြစ်နေကြတဲ့ နေရာများပြီး တံတားကလည်း လမ်းလျှောက်ဖြတ်သန်းသူတွေ အရှိန်နဲ့ မသိမသာရော သိသိသာသာပါ တုန်ခါနေတာပါပဲ။

ဒီလို  ဆွေးမြည့်စပြုနေတဲ့ သစ်သားတံတား ကန်ပတ်လမ်းမျိုးနဲ့ နိုင်ငံခြားမှာဆိုရင် အထူးသဖြင့် ဒီမိုကရေစီ ရင့်သန်ခိုင်မာနေတဲ့ တိုင်းပြည်မှာဆိုရင်တော့ မြို့တော်ဝန် ဒါမှမဟုတ် ဒေသန္တရ အုပ်ချုပ်ရေးမှူးလုပ်သူဟာ မြို့သူမြို့သားတွေကို တောင်းပန်ပြီး နုတ်ထွက်ရမယ့်ကိန်းပါ။ မြန်မာနိုင်ငံမှာတော့ နှစ်ပေါင်း ၅၀ ကျော်ကြာ ဒူပေနာပေ ခံနေပြီဖြစ်တဲ့ ရန်ကုန်မြို့သားတွေဟာ ဒီလိုတံတားမျိုး ဖြတ်သန်းနင်းလျှောက်ဖူးတာ ရိုးဟိုးဟိုးနေပြီမို့လား မပြောတတ်၊ အသွားအလာ အပြေးမပျက်ကြ၊ ရှိတယ်လို့တောင် သဘောမရကြတဲ့ပုံပါပဲ။ နင်းလိုက်တဲ့သစ်သားတွေ ကျိုးကျပြီး ခြေကျွံကျသွားမလား၊ တံတာများ ရုတ်တရက်ကျိုးကျသွားရင် ဒုက္ခ၊ ရာနဲ့ချီတဲ့ ဖြတ်သန်း လမ်းလျှောက်နေသူတွေ၊ ပြေးနေသူတွေကို မျက်နှာလိုက်ဖတ်ကြည့်တော့ စိုးစဉ်းမျှ သံသယရှိနေပုံမပေါက်ဘဲ သက်သောင့်သက်သာ လျှောက်လှမ်း ဖြတ်သန်းနေကြတာ တွေ့မြင်ခဲ့ရပါတယ်။ ဒါတောင် ဒီလူတွေဟာ အေးအေးလူလူ လမ်းလျှောက်ထွက်နိုင်တဲ့သူတွေ ဖြစ်ပါတယ်။

နေပူကျဲကျဲ လယ်ထဲဆင်းပြီး နွားနှစ်ကောင်နဲ့အတူ ရုန်းကန်နေကြရတဲ့ လယ်သမားတွေဘက် တချက်ကြုံခဲ့တာ တွေ့ရတာလည်း ပုံသဏ္ဌာန်တူပါတယ်။  ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၂၅ ဆိုတာ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်အပိုင် ဖြစ်တယ်။ အဲဒီအမြန်လမ်း ၂၂၅ မိုင်ကနေ လယ်သမားရွာတွေဖြစ်တဲ့ သရက်ချောင်း၊ တက်ရှိန်း၊ တက်သိမ်း စတဲ့ရွာတွေကို နွားလှည်းနဲ့သွားရင် ၁ နာရီခွဲလောက် အချိန်ပေးရတယ်။ လမ်းက တောင်တက်တောင်ဆင်းလမ်းပါသလို သဲချောင်းတွေကိုလည်း ဖြတ်သန်းရတဲ့လမ်း၊ ဒေသခံတွေက ဒီလမ်းကို ဆိုင်ကယ်နဲ့သွားကြတယ်။ မိနစ် ၂၀ လောက်ပဲ ကြာပေမယ့် လက်တဖ၀ါးသာသာလမ်းပေါ် ဆိုင်ကယ်မောင်းကြရတာဖြစ်ပြီး သဲချောင်းတွေထဲ ဖြတ်တော့ မောင်းသူက ကြက်ယက်သလို ယက်မောင်းရတာ တွေ့ခဲ့ရတယ်။

ခက်ခဲကြမ်းတမ်းတဲ့လမ်းပေါ် ဖြတ်သန်းသွားလာနေရတဲ့ ဒေသခံတွေရဲ့ ဘ၀ မှန်းဆသာကြည့်ပါ။ ဒီလောက် ခက်ခဲကြမ်းတမ်းတဲ့လမ်း ဖြတ်သန်းပြီးမှ ရောက်ရတဲ့ ကျေးရွာတွေမှာ နေထိုင်နေကြရတဲ့ တောင်သူလယ်သမားတို့ဘ၀ တွေးဆသာ ကြည့်ကြပါကုန်တော့။

ရန်ကုန် ကန်တော်ကြီးပတ်လမ်းပေါ် လမ်းလျှောက်နေသူတွေနဲ့ အမြန်လမ်း ၂၂၅ မိုင်နားက ကျေးရွာနေ ပြည်သူလူထုတွေဘ၀တို့ဟာ လုံခြုံစိတ်ချရမှု ကင်းမဲ့နေတာကို အထင်အရှား မီးမောင်းထိုးပြနေတာတွေပဲ ဖြစ်တယ်။ ဒီလို လုံခြုံစိတ်ချရမှု ကင်းမဲ့နေတဲ့ ဘ၀တွေကနေ လွတ်မြှောက်နိုင်ဖို့ နိုဝင်ဘာ ၈ ရက်မှာ လူထုက သူတို့ဆန္ဒအမှန်တွေ ထုတ်ဖော်ပြသခဲ့ကြပြီးပြီ။ (ပြည်သူ့အရေးဂျာနယ်ထွက်တဲ့ ဗုဒ္ဓဟူးနေ့လောက်ဆို ဘယ်ပါတီအဖွဲ့အစည်း အနိုင်ရနေဆိုတာ သိနေလောက်ကြပြီ)။ ဘယ်သူ ဘယ်အဖွဲ့အစည်းဟာ မြန်မာလူထုတရပ်လုံးကို တရားဥပဒေစိုးမိုးရေး အရိပ်အောက်မှာ လုံခြုံနွေးထွေးစွာ ထားနိုင်မလဲဆိုတာ လူထုသိပြီး မဲပေးပြီးပြီ။ ဆိုင်ရာတာဝန်ရှိသူတွေ ရွေးကောက်ပွဲရလဒ်မှန်ကို လက်ခံပြီး ပြည်သူ့ဆန္ဒ လေးစားကြဖို့လိုပြီ။ ရွေေးကာက်ပွဲကျင်းပဖို့ ၁ ရက်အလိုမှာ သမ္မတဦးသိန်းစိန်က အထွေထွေရွေးကောက်ပွဲမှ ထွက်ရှိလာမည့်ရလဒ်ကို အစိုးရနှင့် တပ်မတော်က လေးစားလိုက်နာမည်ဖြစ်ပြီး ရွေးကောက်ပွဲရလဒ်မှတဆင့် ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့ကိုလည်း မိမိအနေဖြင့် လက်ခံသွားမည်ဖြစ်တယ်လို့ ထပ်လောင်း ကတိပြုပြောသွားတယ်။ စစ်ဗိုလ်ချုပ်တွေ ကတိတွေ အခါခါပေးပြီး အခါခါချိုးဖောက်ခဲ့ဖူးတာကြောင့် လူထုကတော့ ယုံမယ်မထင်၊ နိုင်ငံတကာနဲ့ မီဒီယာကလည်း အသေအချာ စောင့်ကြည့်နေပြီး ကတိအတိုင်း သမိုင်းမှတ်တမ်းကောင်း ထိုး မထိုး ပြောဖို့တော့ စောသေးတာအမှန်ပင်ဖြစ်တယ်။

မောင်ကျောင်း(စမ်းချောင်း)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013