စောင့်ကြည့်ခဲ့သည့် မဲရုံ ၁၁ ရာခိုင်နှုန်းတွင် ကြိုတင်မဲပုံးများနောက်ကျမှ ရောက်လာ
ပိုင်စိုး
·
November 11, 2015

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ စောင့်ကြည့်ခဲ့တဲ့ မဲရုံ စုစုပေါင်းရဲ့ ၁၁ ရာခိုင်နှုန်းမှာ ကြိုတင်မဲပုံးတွေဟာ နောက်ကျမှ ရောက်လာတယ်လို့ ယုံကြည်ရသောရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်း လှုပ်ရှားမှုအဖွဲ့ (PACE) က ထုတ်ပြန်လိုက်ပါတယ်။
ရွေးကောက်ပွဲကို လေ့လာနေခဲ့တဲ့ ပြည်တွင်းအဖွဲ့အစည်းဖြစ်တဲ့ PACE ရဲ့ ကနဦး အစီရင်ခံစာမှာ ဖော်ပြလိုက်တာပါ။
မဲရုံ ဖွင့်လှစ်တဲ့ မနက် ၆ နာရီ အချိန်မှာ ကြိုတင်မဲပုံးတွေ မရောက်တာက မဲရုံ ၁၁ ရာခိုင်နှုန်း၊ မဲပုံးတွေ လိုအပ်နေတာက ၂ ရာခိုင်နှုန်း၊ မဲဆန္ဒရှင် စာရင်းမရှိတာ၊ ဖျက်ဖို့ ခက်တဲ့မင်မရှိတာ၊ မဲတံဆိပ်တုံး မရှိတာက ၁ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။
ပြီးတော့ မဲရုံတွေရဲ့ ၆ ရာခိုင်နှုန်းမှာတော့ ကြိုတင်မဲတွေကို အရင် မရေတွက်ခဲ့ဘူးလို့ ဆိုပါတယ်။
မဲရုံကိုယ်စားလှယ် ထားနိုင်တဲ့ အခြေအနေမှာတော့ အန်အယ်လ်ဒီပါတီက ၈၄ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးပါတီက ၈၃ ရာခိုင်နှုန်းထားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
မဲရုံ ၁၃ ရာခိုင်နှုန်းမှာတော့ တာဝန်မရှိသူတွေဟာ မဲရုံထဲမှာ ရှိခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သူတို့ကတော့ ရပ်ရွာခေါင်းဆောင်တွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ တပ်မတော်သားတွေ ဖြစ်ပါတယ်။
PACE အဖွဲ့ဟာ စောင့်ကြည့်သူ ၂၀၀၀ ကျော်နဲ့ တနိုင်ငံလုံး မဲရုံတွေထဲက ၄၄၀ ကို စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။