ဧရာဝတီ ဆယ်တန်းကျောင်းသားများ တနေ့ဆယ်နာရီ ကျောင်းတက်နေရ
ရွှေအောင်
·
July 5, 2011
ဧရာဝတီတိုင်းထဲက ဆယ်တန်းကျောင်းသားတွေအားလုံး မနက်ခုနှစ်နာရီကနေ ညနေငါးနာရီအထိ တနေ့ ဆယ်နာရီ ကျောင်းတက်နေကြရတယ်လို့ ဖျာပုံမြို့ခံတဦးက ပြောပါတယ်။
ဧရာဝတီတိုင်း၊ ဝန်ကြီးချုပ် ဦးသိန်းအောင်ရဲ့ အမိန့်အရ အခုလို ကျောင်းတက်နေကြရတာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်းထဲ လာမယ့်နှစ် ဆယ်တန်းအောင်ချက်ဟာ ၃၅ ရာခိုင်နှုန်းအထက်မှာ ရှိရမယ်၊ အထက်တန်းကျောင်းတကျောင်းကို ငါးဘာသာ ဂုဏ်ထူးရှင်တဦး အနည်းဆုံး ပေါ်ထွက်ရမယ်လို့ ဝန်ကြီးချုပ်က ညွှန်ကြားချက်ပေးပြီးတဲ့နောက် ဇူလိုင် ၁ ရက်ကစလို့ အခုလို ကျောင်းချိန်တွေ ပြောင်းလဲပြီး ကျောင်းတက်နေကြရတာဖြစ်ပါတယ်။
ဧရာဝတီတိုင်း၊ ဖျာပုံမြို့ခံတဦးက ကျောင်းချိန်ပြောင်းပြီး တက်ရတာကြောင့် ကျောင်းသားနဲ့ ဆရာဆရာမတွေ အဆင်မပြေဖြစ်နေပုံတွေကို ခုလိုပြောပြပါတယ်။
“ပညာရေးအတွက်ကို လိုလားတဲ့သူအဖို့ကတော့ နည်းနည်းကောင်းပါတယ်။ ဆရာဆရာမတွေအတွက်တော့ မနက်စောစော ၇ နာရီဆိုတော့ မိသားစုစားဝတ်နေရေးအတွက် ချက်ရပြုတ်ရ လုပ်ရကိုင်ရနဲ့ ကျောင်းမီအောင် သွားရတာနဲ့ နည်းနည်းကသီတာပေါ့။ ဆရာမကလည်း မြို့ပေါ်ကဆရာမဆို ပြဿနာမရှိဘူး။ နယ်ကနေ သင်္ဘောနဲ့လာတက်ရတော့ မနက် ၅ နာရီ ထရတယ်။ သင်္ဘောက ၅ နာရီခွဲလောက်စီး။ ဖျာပုံမြို့ကို ၆ နာရီလောက်မှာရောက်။ အဲဒီကနေ ကုန်းကြောင်းနဲ့ ကျောင်းကိုမီအောင်လာရတော့ ကသီတာပေါ့။”
ကျောင်းချိန်အသစ်အရ တနေ့ကို ဆယ်နာရီ ကျောင်းတက်နေကြရတာဖြစ်ပြီး အရင်က မနက်ကိုးနာရီခွဲကနေ ညနေလေးနာရီအထိပဲ ကျောင်းတက်ကြရတာ ဖြစ်ပါတယ်။
အခုလို တရက် ဆယ်နာရီလောက် ကျောင်းတက်နေရတာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအခြေစိုက် ကလေးတွေ ပညာရေး ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာဦးသိန်း လွင်က ယေဘုယျအားဖြင့်တော့ ကျောင်းစာသင်ချိန်ဟာ ငါးနာရီထက်မပိုဘူးလို့ ပြော ပါတယ်။
အခုလို ကျောင်းချိန်တိုးတာနဲ့လည်း ပညာရေး မကောင်းလာနိုင်ဘူးလို့လည်း ခုလိုပြောပါတယ်။
“ကျနော့်အမြင် အဲလိုမျိုး ကျောင်းသားတွေကို ဖိအားပေးရုံနဲ့ ကလေးတွေ ထူးချွန်မလာနိုင်ဘူး။ ကလေးတွေ ထူးချွန်လာအောင်ဆိုရင် လွတ်လွတ်လပ်လပ် သင်ယူခွင့်ရှိတဲ့ ပတ်ဝန်းကျင်မှာမှ တကယ်သင်ယူမှ တတ်မှာ။ ကျောင်းသားအရွယ်က ကစားဖို့အချိန်တို့ တခြားလေ့လာဖို့ အချိန်တို့ အများကြီး လိုအပ်သေးတယ်။ လူမှုရေးတို့ အားကစားတို့ တခြားလိုအပ်တဲ့ လူမှုရေးတွေ အားကစားတွေကို အချိန်မပေးတော့ပဲနဲ့ စာသင်ခန်းထဲမှာပဲ အချိန်ပြည့်ထားရင် ကလေးတွေလည်း ငြီးငွေ့ပြီးတော့ ဘာမှထူးမှာ မဟုတ်ဘူး။ အဲလိုလုပ်တာ ဘာမှအကျိုး မရှိဘူး။ ကလေးတွေတကယ် တတ်စေချင်တယ်ဆိုရင် လွတ်လပ်ပေါ့ပါးပြီးတော့ သင်နိုင်တဲ့ပတ်ဝန်းကျင် လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေနဲ့ ကျွမ်းကျင်တဲ့ ဆရာတွေနဲ့ သင်တဲ့နည်း အဲလိုပြောင်းမှ ကလေးတွေ ထူးချွန်မယ်။ အချိန်ပြည့် စာသင်ခန်းထဲမှာ ထည့်ထားတာတော့ ထူးချွန်လာမှာမဟုတ်ဘူး။”
ပြီးခဲ့တဲ့ ဆယ်တန်းအောင်ချက်မှာ ဧရာဝတီတိုင်းဟာ အောင်ချက် ၃၁ ရာခိုင်နှုန်းရှိခဲ့ပြီး ပြည်နယ်တိုင်း ၁၄ ခုအနက် တတိယအနိမ့်ဆုံးအဆင့်မှာ ရှိခဲ့ပြီး သူ့နောက်မှာ ချင်းနဲ့ကယားပြည်နယ်တို့ပဲရှိပါတယ်။
တတိုင်းလုံးမှာ ဘာသာစုံဂုဏ်ထူးထွက်သူ ရှစ်ဦးပဲ ရှိခဲ့တဲ့အတွက် လာမယ့်နှစ် အောင်ချက်ကောင်းအောင် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။