DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ အနိုင်အရှုံးအတွက် တည်တည်ငြိမ်ငြိမ်ရှိကြရန် ဒေါ်အောင်ဆန်းစုကြည်ပန်ကြား
DVB
·
November 9, 2015
ရွေးကောက်ပွဲ အနိုင်အရှုံးအတွက် တည်တည်ငြိမ်ငြိမ်ရှိကြရန် ဒေါ်အောင်ဆန်းစုကြည်ပန်ကြား
1 / 11
Donate to DVB

နိုင်ငံတ၀န်း ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲရလဒ် အနိုင်အရှုံးတွေအတွက် အေးအေးချမ်းချမ်း  တည်တည်ငြိမ်ငြိမ်ရှိကြဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က  ပြည်သူလူထုကို မေတ္တာရပ်ခံပန်ကြားလိုက်ပါတယ်။

နိုဝင်ဘာ ၉ ရက်မနက်က  ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်မှာရှိတဲ့ ပါတီဌာနချုပ် ရှေ့မှာ လူထုကို ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် တွေ့ဆုံမိန့်ခွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ် နေကြပါ။ ကျမတို့ အမြဲပဲပြောပါတယ်။ လူဆိုတာ ရှုံးတယ် နိုင်တာထက်၊  ဘယ်လိုရှုံးတယ် ဘယ်လိုနိုင်တယ် ဆိုတာက ပိုပြီးတော့ အရေးကြီးပါတယ်။ ရှုံးတဲ့လူများဟာ သတ္ထိရှိရှိ အိနြေ္ဒရှိရှိနဲ့ ရှုံးနိုင်ရသလို နိုင်တဲ့သူများဟာ ကိုယ့်စိတ်ကို နှိမ့်ချပြီးတော့ အင်မတန်မှ သဘောထားကြီးစွာနဲ့ အနိုင်ကို ရင်ဆိုင်မှ တကယ့်အောင်နိုင်သူတွေဖြစ်မှာပါ” လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ ရှုံးနိမ့်သူတွေကို မခံသာအောင် ပြုမှုဆက်ဆံတာတွေမလုပ်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

“တဖက်က မနိုင်တဲ့သူတွေ မခံသာအောင် အောင်နိုင်မှုပုံစံနဲ့ ပြုမူပြောဆို ဆက်ဆံတာတွေကို ရှောင်ကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ တကယ့်အောင်နိုင်ခြင်းဟာ တနိုင်ငံလုံးအတွက်ပဲ ဖြစ်ရပါလိမ့်မယ်၊ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်တွေအတွက်မှ မဖြစ်ရပါစေဘူး။ ဒါကြောင့် တနိုင်ငံလုံးအတွက် အောင်နိုင်မှုရဖို့အတွက် ကျမတို့ အားလုံး အတူတူ  လက်တွဲပြီး ကြိုးစားသွားကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံပါတယ်။”

နိုဝင်ဘာ ၈ ရက်နေ့က နိုင်ငံတ၀န်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမဲရလဒ်တွေနဲ့ ပတ်သက်လို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသေးဘဲ ဒီကနေ့ ညနေပိုင်းမှာ  အနိုင်အရှုံရလဒ်တွေ စတင်ကြေညာပေးဖွယ်ရှိနေပါတယ်။

အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်မှုဆောင် ပါတီပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဦးဝင်းထိန်ကတော့ နိုဝင်ဘာ ၉ ရက် မနက်အထိ ရရှိထားတဲ့ ရွေးကောက်ပွဲ အကြိုမဲရလဒ်စာရင်းတွေအရ ရန်ကုန်တိုင်း အပါအ၀င် တိုင်းဒေသကြီး ၇ တိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇၀ ရာခိုင်နှုန်းကျော်နိုင်မယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကော်မရှင်က  ကြေညာမှ ကျနော်တို့က တရားဝင်ရလဒ် ကြေညာလို့ ရမှာ။ ယူအီးစီက မကြေညာမချင်း ကျနော်တို့ ပြောတဲ့သတင်းက အတည် မဟုတ်သေးဘူး။  သို့သော်လည်းပဲ အခြေအနေ ကောင်းနေတယ်၊ ကျနော်တို့ မျှော်မှန်းထားတဲ့ မန္တလေးတိုင်းတို့၊ ရန်ကုန်တိုင်းတို့၊ ဧရာဝတီတို့ မကွေး၊ စစ်ကိုင်း  စတဲ့ နေရာတွေမှာတော့ မျှော်မှန်းတာထက် အများကြီး အခြေအနေ ကောင်းတယ်လို့ ပြောလို့ရတယ်။  တနိုင်ငံလုံးတော့ မဟုတ်ဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ရန်ကုန်တိုင်း အပါအ၀င် တိုင်း ၇ တိုင်းမှာ  ၇၀ ရာခိုင်နှုန်းကျော်မယ်လို့ ကျနော်တို့ အကြိုစာရင်းများအရ သိရတယ်။”

ရန်ကုန်တိုင်းမှာ နေရာအများစု အနိုင်ရပြီး ကိုကိုးကျွန်းမြို့နယ်မှာတော့ အန်အယ်လ်ဒီပါတီက ရှုံးနိမ့်သွားတယ်လို့  ပြောပါတယ်။

ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် ပူးတွဲ ဒုဥက္ကဋ္ဌ  ဦးဌေးဦးကတော့   ကြံ့ခိုင်ရေးပါတီအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာ အရှုံးရာခိုင်နှုန်းများတဲ့အကြောင်းနဲ့ ဟင်္သာ ခရိုင်ထဲမှာ နေရာ အားလုံး ရှုံးနိမ့်ခဲ့တယ်လို့  ပြောပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013