DVB Logo
Home
Lead Story
အရှင်သခင်ပြည်သူထံ ကျွန်ခံမယ့်အစိုးရမျိုးသာ ရွေးချယ်ကြ
DVB
·
November 8, 2015
အရှင်သခင်ပြည်သူထံ ကျွန်ခံမယ့်အစိုးရမျိုးသာ ရွေးချယ်ကြ
Donate to DVB

အခုချိန်အခါဟာ တိုင်းပြည်ကို နှစ်ပေါင်းများစွာ ကျွန်ပြု၊ ပြည်သူကို နင်းပြားလို့သတ်မှတ်ပြီး ဗိုလ်ကျအုပ်ချုပ်တဲ့ စစ်အာဏာရှင်တွေရဲ့လက်အောက် တစက္ကန့်တောင် ဆက်မနေလိုတော့တဲ့ မြန်မာပြည်သားတို့ရဲ့ နိုင်ငံရေးအသိနိုးကြားမှုနဲ့ ခေတ်ပြောင်းလိုစိတ်ဟာ အထွတ်အထိပ်ကို ရောက်နေတဲ့ကာလလို့ ပြောရင်ရပါတယ်။

တနင်္ဂနွေနေ့ (နိုဝင်ဘာ ၈ ရက်နေ့) မှာ မြန်မာပြည်သူပြည်သားတွေဟာ သူတို့ကို အရှင်သခင်လိုမှတ်ယူ အလုပ်အကျွေးပြုမယ့် အစိုးရကို ရွေးနိုင်မလား၊ ဒါမှမဟုတ် ကျေးကျွန်လိုသဘောထား နှိပ်စက်ခိုင်းစားမယ့် အစိုးမရသူတွေကိုဘဲ မရွေးချယ်ပါဘဲ အလိမ်ခံရအုံးမလားဆိုတာ ကွဲကွဲပြားပြား မြင်ရတော့မှာပါ။

နိုင်ငံတနိုင်ငံကို နိုင်နင်းစွာ စီမံအုပ်ချုပ်တဲ့ ကောင်းမွန်တဲ့အစိုးရ ဖြစ်ဖို့ဆိုတာ တိုင်းသူပြည်သားတွေရဲ့ စားရေး၊ ၀တ်ရေး၊ နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်နဲ့ ဘ၀လုံခြုံမှုဆိုတဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးတယ်ဆိုရုံနဲ့ မလုံလောက်ပါဘူး။

နိုင်ငံသားတွေရဲ့ နေ့စဉ်လူမှုဘ၀တွေ တနေ့ထက်တနေ့ ပိုလို့ အဆင်ပြေချောမွေ့လာအောင်၊ သက်သာချောင်ချိ လွယ်ကူလာအောင်၊ အချိန်နဲ့အမျှ တိုးတက်လာအောင် ကြံဆောင်ဖြည့်ဆည်းနေရင်း လူတိုင်း အခွင့်အလမ်းတွေရ၊ ကြိုးစားသူတိုင်း အောင်မြင်တဲ့ဘ၀တွေ ပိုင်ဆိုင်ခွင့်ရစေအောင် ဆောင်ရွက်ပေးဖို့ လိုပါတယ်။

ဒီအချက်ကို ပိုထင်ရှားစေအောင် စင်ကာပူအစိုးရက သူ့ပြည်သူတွေအတွက် အလုပ်လုပ်ပုံ၊ စီမံဖြည့်ဆည်းပုံတွေ နည်းနည်းရေးပြချင်ပါတယ်။ လူတိုင်းသိကြသလိုပဲ၊ စင်ကာပူဆိုတာ ကျွန်းပေါက်စ မြို့ပြနိုင်ငံငယ်လေးတခုပါ။ အလွန်ကျဉ်းမြောင်းတဲ့ မြေနေရာလေးအပေါ် ထူထပ်သိပ်သည်းစွာ နေထိုင်နေတဲ့ လူဦးရေ ၅ သန်းကျော် အရည်အသွေးပြည့်မီစွာ အဆင်ပြေပြေ သွားလာလှုပ်ရှား မွေ့လျော်နိုင်အောင် အောက်ပါအတိုင်း ဖန်တီးပေးထားပါတယ်။ စာရေးသူရဲ့အိမ်နဲ့ MRT မီးရထားဘူတာရုံနဲ့ ရှော့ပင်းစင်တာက ၅ မိနစ် လမ်းလျှောက်ရုံ ခရီးတာပဲ ဝေးပါတယ်။

အိမ်အောက်ဆင်းဆင်းခြင်း မီတာ ၅၀ လောက်အကွာမှာ ကားမှတ်တိုင်ရှိပါတယ်။ စာရေးသူအိမ်နဲ့ ခဲတပစ်အကွာအဝေးမှာ စားသောက်ဆိုင်တန်း၊ ရဲစခန်း၊ ဈေး၊ ဆေးခန်း၊ ဘဏ်၊ ဆံသ လိုချင်တာ အကုန်ရနိုင်ပါတယ်။

အိမ်အောက်ထပ်မှာတင် ကလေးကစားကွင်း၊ လူကြီးသူမတွေ ဆုံတွေ့နားနေရာနေရာ၊ အိမ်ဆိုင်၊ နေ့ကလေးထိန်းကျောင်း အစုံအလင်ရှိပါတယ်။

အိမ်ဘေးမှာတင် လူတိုင်းသုံးနိုင်တဲ့ အားကစား လေ့ကျင့်ခန်းယူစရာ ကိရိယာတွေ ဆင်ပေးထားတယ်။

အိမ်နဲ့တခေါ်လောက်အကွာမှာ အပန်းဖြေစရာရေကန်၊ ပန်းခြံ နတ်ဖန်သလို ဆောက်ပေးထားတယ်။

အိမ်အောက်ထပ်တင် မင်္ဂလာဆောင်၊ သာရေးနာရေး တွေ့ဆုံပွဲတွေ အဆင်ပြေပြေလုပ်နိုင်အောင် နေရာအခင်းအကျင်း ရေမီးအစုံအလင် တွက်ချက်တပ်ဆင်ပေးထားတယ်။

စာရေးသူရဲ့ အိမ်ခန်းရှေ့ ထွက်လိုက်တာနဲ့ ဓာတ်လှေခါးပေါက် ရောက်တော့တာပါပဲ။ တိုက်တတိုက်ကနေ တတိုက်ကူးရင် နေမပူ မိုးမစိုစေအောင် ပေါင်းကူးအမိုးတွေ ဆင်ပေး ဆက်ပေးထားတယ်။ အိမ်နဲ့မနီးမဝေးမှာ မိုးလုံလေလုံ ကားပါကင်နဲ့ ကားရေဆေးစရာ နေရာရှိတယ်။

မီးလောင်မှုကစလို့ အရေးပေါ် အသက်ကယ်ဖို့ အခြေအနေနဲ့ လိုအပ်လို့ ဖုံးခေါ်လိုက်ရင် မီးသတ်ကားနဲ့ သူနာပြုယာဉ်တွေ ၈ မိနစ်အတွင်း ရောက်နိုင်အောင် တကျွန်းလုံးမှာ ဗျူဟာကျကျ နေရာချ စီစဉ်ထားတယ်။

လမ်းတွေဆို ခင်းထားတာများ စက်ဘီးလမ်း၊ စကိတ်လမ်း၊ လူလျှောက်လမ်း၊ ပြေးလမ်း မလွဲရအောင် လမ်းညွှန်အမှတ်အသားတွေနဲ့ အကျအန လုပ်ပေးထားတာ။

အဲ့ဒီလိုတွေ တနှစ်ထက်တနှစ် ပိုပိုပြည့်စုံလာအောင်၊ အဆင်ပြေလာအောင် စင်ကာပူအစိုးရဟာ ရပ်တန့်မသွားဘဲ အမြဲတမ်း ကြံစည်လုပ်ကိုင်နေခဲ့တာဖြစ်တယ်။

ဒါတွေရေးပြနေတာဟာ စင်ကာပူအစိုးရရဲ့ ဘုန်းတော်ဘွဲ့ သီကုံးချင်လို့ မဟုတ်ပါဘူး။ စင်ကာပူအစိုးရကလည်း ခြောက်ပြစ်ကင်း သဲလဲစင် အစိုးရမှ မဟုတ်သလို ချို့ယွင်းချက် အပြစ်အနာအဆာတွေ ရှိပါတယ်။ နေရာဦး၊ ဖျာခင်းထားတဲ့ အီလစ်အကျော်အမော်အုပ်စုတစုက နေရာဖယ်မပေးလိုဘဲ ကွန်ဖြူးရှပ်အတွေးအခေါ်နဲ့ အာရှတန်ဖိုးတချို့ကို ရောသမမွှေထားတဲ့ အာရှ အာဏာရှင် ဒီမိုကရေစီစနစ်ကို စာရေးသူ လက်မခံပါဘူး။

အဓိကဆိုချင်တာက အစိုးရတရပ်ဟာ တိုင်းသူပြည်သားတွေ ကောင်းကျိုးချမ်းသာရစေဖို့ အလုပ်အကျွေးပြုလိုတဲ့ စိတ်ရင်းစေတနာရှိဖို့ လိုတယ်ဆိုတာ ထင်ရှားလိုရင်း ဖြစ်တယ်။ မြန်မာနိုင်ငံအတွက်တော့ စင်ကာပူရဲ့ အာရှအာဏာရှင် ဒီမိုကရေစီစနစ်ထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်တဲ့ ဒီမိုကရေစီစနစ်ကိုသာ ရည်မှန်းသင့်ပါတယ်။

တို့တိုင်းပြည်ကို နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်ဖျက်ဆီးသွားတဲ့ စစ်အာဏာရှင်တွေကတော့ နိုင်ငံနဲ့ ပြည်သူ ပြည်သားတွေအပေါ် စိတ်ရင်းစေတနာကောင်း မရှိသလို အရည်အသွေးကောင်းလည်း မရှိဘူးဆိုတာ မြန်မာနိုင်ငံရောက်ရှိနေတဲ့ ဒီကနေ့ အခြေအနေ အဆင့်အတန်းက အဖြေပေးပြီးသားဖြစ်တယ်။

နိုဝင်ဘာ ၈ ရက်နေ့မှာဆိုရင် ရှက်ဖွယ်လိလိ အရည်အသွေး ဆင်းရဲနိမ့်ပါးတဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အမှားအယွင်းပေါင်း ကုဋေကုဋာနဲ့ စီမံဆောင်ရွက်မှုအောက်မှာ မြန်မာပြည်သူပြည်သားတွေ တချို့လည်း မဲပေးခွင့် ဆုံးရှုံးကြမှာဖြစ်တယ်။ ဘယ်လိုဖြစ်ဖြစ် မဲပေးခွင့်ရသမျှ လူတိုင်းကတော့ မိမိတိုင်းပြည်အကျိုးနဲ့ မိမိတို့အကျိုးကို အမှန်တကယ် ဖော်ဆောင်ပေးမယ့် အစိုးရတရပ် ပေါ်ထွန်းလာဖို့ မဲပေးကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် မိမိတို့အပေါ် ဖိနှိပ်ဗိုလ်ကျအုပ်ချုပ်မယ့် အစိုးရမျိုးကို လတ်တလော မိမိနဲ့ လူနည်းစု အဆင်ပြေနေတာလေးကြည့်ပြီး မပြောင်းလဲချင်လို့ မရပါဘူး။ နိုင်ငံတ၀န်းလုံးမှာ ရှိရှိသမျှ လူမျိုးပေါင်းစုံ အားလုံးဘ၀ တိုးတက်ချမ်းသာအောင် ဆောင်ရွက်ပေးနိုင်မယ့်၊ ပြည်သူ့အကျိုးစီးပွားကို အမြဲဦးထိပ်ထားမယ့် ပါတီကိုသာ ပြတ်ပြတ်သားသား ထောက်ခံမဲပေးကြရမှာပါ။

ခေတ်ဟောင်းကိုဖြိုဖျက်လို့ ခေတ်သစ်ဆီ ပို့ဆောင်ပေးနိုင်တဲ့ အထွေထွေရွေးကောက်ပွဲဆိုတာ တခါတရံမှ ကြုံကြိုက်ခွင့်ရတာပါ။ အမြဲတမ်းမရခဲ့တဲ့ အခွင့်အလမ်းဖြစ်တာမို့ မြန်မာနိုင်ငံသားတွေအဖို့ ထိထိရောက်ရောက် အသုံးချလို့ ပိတ်ဆို့နေတဲ့ သမိုင်းတံခါးချပ်ကြီးကို ညီညီညာညာ တွန်းဖွင့်နိုင်ဖို့ လိုပါတယ်။ ပြိုင်တူတွန်းရင် ပွင့်နိုင်ပါတယ်။

လယ်သမား၊ အလုပ်သမား၊ တိုင်းရင်းသား၊ ကျောင်းသား၊ တပ်မတော်သား၊ ၀န်ထမ်း၊ ကုန်သည်ပွဲစား၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်၊ လက်လုပ်လက်စား ဆင်းရဲသား၊ ပင်စင်စား အသည်သား အားလုံးအားလုံးဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးရဲ့ အချုပ်အခြာအာဏာ ပိုင်ရှင်အစစ်အမှန်၊ အရှင်သခင်တွေ ဖြစ်ပါတယ်။

ဒါကြောင့် ပြုပြင်ကုစားလို့ မရနိုင်တော့တဲ့ အသားဆွေး အသားခြောက်တွေနဲ့တူတဲ့ အုပ်ချုပ်သူအဟောင်းတွေကို ရှင်းထုတ်၊ စစ်မှန်တဲ့ အပြောင်းအလဲလုပ်ပေးမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ မြန်မာနိုင်ငံသားတိုင်း မိမိတို့အပါအ၀င်ဖြစ်တဲ့ မူရင်းပိုင်ရှင်အမှန် အရှင်သခင်ပြည်သူထံ ကျွန်ခံမယ့် အစိုးရမျိုးကိုသာ ရွေးချယ်နိုင်ကြပါစေလို့ ဆန္ဒပြု တိုက်တွန်းလိုက်ရပါကြောင်း။

မင်းကောင်းချစ်

နိုဝင်ဘာ (၇) ရက်နေ့ ၂၀၁၅ ခုနှစ်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013