
အီရန်အစိုးရဆီက အဆိုပြုချက်အသစ်တခု ရောက်လာခဲ့လို့ စီစဉ်ထားတဲ့ တိုက်ပွဲကို ပြန်စမဲ့ အစီအစဉ်ကို ရပ်ဆိုင်းခဲ့တာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို မေ ၁၉ ရက်က ပြောပါတယ်။
အီရန်ကို ထပ်တိုက်ဖို့ လိုကောင်း လိုအပ်နိုင်တယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။ အီရန် ခေါင်းဆောင်တွေက သဘောတူညီချက်တခုအတွက် တောင်းဆိုနေကြပြီး သဘောတူညီချက် မရရင် လာမဲ့ရက်တွေအတွင်း အမေရိကန်ရဲ့ တိုက်ခိုက်မှုအသစ်တခု ဖြစ်ပေါ်လာနိုင်တယ်လို့လည်း ထရမ့်ပ် က ထပ်ပြောပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြီးခဲ့တဲ့အပတ်က ၂ နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံမှုအတွင်း တရုတ် အစိုးရက အီရန်ကို လက်နက်တွေ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာပစ္စည်းတွေ မပို့ဖို့ ကတိပြုခဲ့တယ်လို့ ထရမ့်ပ်က အင်္ဂါနေ့မှာ ပြောပါတယ်။
ဖေဖော်ဝါရီလကုန်ပိုင်းမှာ ထရမ့်ပ် စတင်ခဲ့တဲ့ စစ်ပွဲကို ပြန်စတဲ့ အမှတ်အသားပြုမဲ့ တိုက်ခိုက်မှုတွေ အတွက် စစ်ရေးပြင်ဆင်ထားခြင်း ရှိမရှိကိုတော့ မီဒီယာတွေက မဆုံးဖြတ်နိုင်သေးပါဘူး။
ကမ္ဘာလုံးဆိုင်ရာ ရေနံနဲ့ တခြားကုန်စည်တွေ ဖြန့်ဖြူးရေး အဓိကထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်မဲ့ သဘောတူညီချက်တခု ရရှိရေးအတွက် ထရမ့်ပ်ဟာ ဖိအား ပေးခံနေရတာပါ။
ထရမ့်ပ်ဟာ အရင်က ပဋိပက္ခကို အဆုံးသတ်ဖို့ သဘောတူညီချက်တခု နီးကပ်လာပြီလို့ မျှော်လင့်တဲ့ အကြောင်း ဖော်ပြခဲ့ပြီး သဘောတူညီချက်တခု မရရင် အီရန်ကို အပြင်းအထန် တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
အီရန်အစိုးရကို နျူကလီးယားလက်နက် မရအောင် တားဆီးထားတဲ့ သဘောတူညီချက်တခု ရရင် အမေရိကန်အစိုးရက ကျေနပ်မယ်လို့ ထရမ့်ပ်က တနင်္လာနေ့မှာ ပြောပါတယ်။
Source: Reuters










